မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအဖွဲ့(မုံရွာ)၏ အသင်းကား နှစ်စီး မန္တလေးမြို့သို့ ဧပြီ ၂၉ ရက် နံနက်ပိုင်းက လူနာသွားရောက်ပို့ဆောင်စဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသင်း၏ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၉ ရက် နံနက် ၈ နာရီခွဲခန့်က အသက် ၈၀ အရွယ် အမျိးသမီးကြီးတစ်ဦးနှင့် အသက် ၅၀ အရွယ် ဦးနှောက်သွေးကြောပေါက် လူနာတစ်ဦးတို့အား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၏ အသင်းကားနှစ်စီးဖြင့် မုံရွာမြို့မှ မန္တလေးမြို့သို့ သွားရောက်ပို့ဆောင်စဉ် မြင်းမူမြို့နယ် ထီးဆောင်း ကျေးရွာနှင့် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း ကျေးရွာအကြား၌ မိုင်းဆွဲခံရပြီး သေနတ်ဖြင့် ငါးချက်ခန့်ပစ်ခတ်ခံခဲ့ရကြောင်း၊ ထိုသို့ မိုင်းဆွဲခံရပြီး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် လူနာတင်ယာဉ်နှစ်စီး ထိခိုက်ပျက်စီးသွားခဲ့ပြီး အသင်းသားတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
"ကားနှစ်စီးလုံးက ထိခိုက်သွားပါတယ်။ ကားမှန် တွေနဲ့ ကားရဲ့ ဘော်ဒီ တွေထိခိုပ်သွားပါတယ်ဗျ။ လူကတော့ လူနာတွေ တော့ မထိခိုက်ပါဘူး၊ ကျွန်တော်တို့အသင်းသားတစ်ဦးကတော့ ကားမှန်ကွဲထိသွားလို့ အနည်ငယ်ထိခိုက်တာပဲ ရှိပါတယ်။ လူနာတွေကိုတော့ စစ်ကိုင်းက လူမှာကူညီရေးအသင်းတွေနဲ့ချိတ်ဆက်ပြီး တော့ မန္တလေးကိုဆက်ပို့ ပေးလိုက်ပါတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၏ အသင်းဥက္ကဌ ဦးစိန်ကိုကိုက ပြောကြားသည်။
အဆိုပါ မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအဖွဲ့(မုံရွာ)၏ အသင်းကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက မည်သည့်အတွက်ကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို သိရှိရခြင်းမရှိသေးပေ။
အလားတူ ပြီးခဲ့သည့် မတ် ၂၂ ရက်ညကလည်း အဆိုပါ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၏ လူနာတင်ယာဉ်တစ်စီးမှာ လူနာသယ်ဆောင်လာစဉ် မုံရွာမြို့ ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ယင်းဖြစ်စဉ်တွင် လုပ်ဆောင်ခဲ့သည့်အဖွဲ့အစည်းက မှားယွင်းလုပ်ဆောင်ခဲ့ခြင်းကြောင်း၊ ထိုသို့ မှားယွင်းလုပ်ဆောင်ခဲ့မှုအပေါ် ဝမ်းနည်းစိတ်မကောင်းဖြစ်မိကာ အများပြည်သူသိရှိစေရန် ဝန်ချတောင်းပန်ခဲ့ကာ အသင်းကိုလည်း ကျေနပ်သည်အထိ ကိစ္စအဝဝအား တာဝန်ယူ ဖြေရှင်းပေးမည်ဟု မတ် ၂၃ ရက်တွင် လုပ်ဆောင်ခဲ့သည့်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။ ဧပြီ ၂၉ ရက်က မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို လတ်တလောတွင် သိရှိရခြင်းမရှိသေးပေ။















