ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန်သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက် လည်ပတ်ခြင်းမရှိတော့သဖြင့် အင်းလေးကန်ရှိ ခရီးသွားလုပ်ငန်းအမှီပြု လုပ်ကိုင်နေကြ သော လုပ်ငန်းရှင်များနှင့် ပြည်သူများသည် အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ မြန် မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် အသွားအလာ ကန့်သတ်ခြင်းများ စ တင်ဆောင်ရွက်ခဲ့ချိန်မှစ၍ အင်းလေးကန်တွင် ခရီးသွားလုပ်ငန်းရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ် ကျော် လွန်၍ ၂၀၂၂ ခုနှစ် ဧပြီလကုန်ပိုင်းရောက်ချိန် အထိ ပြည်ပခရီးသွား ဧည့်သည်မရှိတော့ဘဲ ဧပြီလတွင် ပြည်တွင်းခရီးသွားဧည့်သည် ဝင် ရောက်ခြင်းသာရှိခဲ့ကြောင်း သိရသည်။ အင်းလေးကန်တွင် ခရီးသွားလုပ်ငန်း ရပ်ဆိုင်းထားသည်မှာ နှစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ကာ ခရီးသွားလုပ်ငန်းလုပ်ကိုင်ကြသူများသည်လည်း လုပ်ငန်းများကို ရပ်နားထားရကြောင်း သိရသည်။
“အခုက ခရီးသည် မရှိတော့ဘူး။ တစ် နေ့လုံးနေမှ တစ်ခါတလေ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ။ တချို့ရက်တွေ မသွားရ တဲ့ရက်တွေရှိတယ်။ စက်လှေတစ်ကြိမ် ငှား ရင် စက်သုံးဆီစျေးတက်လို့ တစ်ကြိမ် လေး သောင်းကျပ်ယူပါတယ်။ အသွားအပြန် စိတ် တိုင်းကျလိုက်ပို့ပါတယ်။ တချို့စက်လှေသ မားတွေကတော့ သုံးသောင်းငါးထောင်ကျပ်၊ သုံးသောင်းကျပ်အထိ စျေးလျော့ပြီး လိုက်တဲ့ စက်လှေဆရာတွေရှိကြတယ်။ တချို့က စက် လှေအပိုင်ဆိုရင် လုပ်အားခလေး ရလိုရငြား စျေးလျော့ပြီး လိုက်ကြပါတယ်။ ခရီးသွား ဧည့်သည်တွေမရှိတော့ စားဝတ်နေရေး ခက် ခဲလာပါတယ်” ဟု ညောင်ရွှေမြို့ စက်လှေဆိပ် မှ စက်လှေမောင်းသမားတစ်ဦးက ဆိုသည်။
အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယမြောက် ပြည်ပခရီးသွားဧည့်သည် အ များအပြား လာရောက်လည်ပတ်သည့်နေရာ တစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းသည် အင်းလေး ကန်၏ အဓိကအသက်သွေးကြောလုပ်ငန်း ကြီးတစ်ခုလည်း ဖြစ်သည်။ အင်းလေးကန်ရှိ ရေပေါ်တွင် ကျွန်းမျောခရမ်းချဉ်သီး စိုက်ပျိုး ကြပြီး အင်းလေးကန်၏ ၈၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးရေးကို လုပ်ကိုင်ကြခြင်းဖြစ်သည်။
ထို့ပြင် အင်းလေးကန်အတွင်းရှိ ဟဲယာ ရွာမကျေးရွာရှိ စားသောက်ဆိုင်အချို့သည် ဆက်လက်ရပ်တည်ရန် ခက်ခဲလာသဖြင့် ဆိုင် ပိတ်လိုက်ရသော စားသောက်ဆိုင်များလည်း ရှိကြောင်း သိရသည်။ အင်းလေးကန်တွင်း ရှိ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများဖြစ်သော ပန်းပု၊ ပန်းပဲ၊ ပန်းထိမ်၊ ရက်ကန်းလုပ်ငန်း များမှာလည်း ခရီးသွားဧည့်သည် ဝင်ရောက် မှုမရှိတော့သဖြင့် လုပ်ငန်းရပ်နားထားကြ သည်မှာ နှစ်နှစ်ကျော်ကြာမြင့်လာပြီ ဖြစ် ကြောင်း သိရသည်။ အင်းလေးကန် ဟဲယာရွာ မတွင် နှစ်နှစ်ခန့်ပိတ်ထားသော ရွာမရေပေါ် စျေးကို ၂၀၂၂ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ် နိုင်သဖြင့် အသက်ရှူချောင်ခဲ့ရကြောင်း ဟဲ ယာရွာမ ဒေသခံများက ဆိုသည်။
အင်းလေးဟဲယာရွာမကျေးရွာသည် ပန်းပု၊ ပန်းထိမ်၊ ပန်းပဲလုပ်ကိုင်ကြသော လက် မှုလုပ်ငန်းပညာရှင်များစွာ နေထိုင်သော ကျေး ရွာဖြစ်ပြီး လုပ်ငန်းအများစုသည် ရပ်ဆိုင်း ထားသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။ အင်းလေးဟဲယာရွာမသည် အင်း လေးကန်စတင်တည်စဉ်အချိန်က ရှိခဲ့သော ရှေးဟောင်းကျေးရွာဖြစ်ပြီး ရေလမ်း ကုန်းလမ်း ပေါက်သော ထူးခြားသော ကျေးရွာကလေး ဖြစ်သည်။
အင်းလေးဆိုသည်မှာ ရွာဆိုသော စကားလုံးကို ဖြုတ်လိုက်ပြီး အင်းလေးရွာမှ အင်းလေးဟုဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာလေးရွာမှာ ဟဲယာရွာမ၊ ရွာကြီး ဘန်းပုံ၊ နန်းပန်နှင့် နောင်တောတို့ဖြစ်ကြောင်း သိရသည်။ အင်းလေးကန်အရှေ့ပတ်လမ်းမှ သွားရသော အင်းလေးတောင်ဘက်ခြမ်းတွင် တည်ရှိသည့် နန်းပန်သည် ယခင်အစိုးရလက် ထက်တွင် နန်းပန်မြို့အဖြစ် သတ်မှတ်ဆောင် ရွက်ခဲ့သဖြင့် ညောင်ရွှေမြို့နယ်တွင် ညောင် ရွှေမြို့နှင့် နန်းပန်မြို့ဟူ၍ မြို့နှစ်မြို့ ရှိလာ ကြောင်း သိရသည်။ အဆိုပါဟဲယာရွာမတွင် နေထိုင်ကြသော ဘုရားအသုံးအဆောင်အ ထည်ကြီး ငွေပန်းထိမ်လုပ်ကိုင်သူ လေးဦးခန့် သာကျန်ရှိတော့ပြီး လက်ဆင့်ကမ်းပညာအ မွေသင်ကြားမည့်သူနည်းပါးသဖြင့် ပျောက် ကွယ်မည်ကို စိုးရိမ်ရကြောင်း ဟဲယာရွာမ ကျေးရွာမှ ငွေပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးမောင်မောင်က ဆိုသည်။
ထို့ုပြင် ဟဲယာရွာမ ကျေးရွာရှိ ပန်းပဲရပ်တွင် ခြံရှင်းဓား၊ ကိုင်းခုတ်ဓားတို့ကို လုပ်ကိုင်ကြခြင်းဖြစ်ကာ ကိုဗစ် ကပ်ရောဂါကြောင့် ပန်းပဲလုပ်ငန်းများ ရပ်နားထားရသည်မှာ နှစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ကြောင်း ပန်းပဲ လုပ်ကိုင်သူတစ်ဦးက ဆိုသည်။ အလားတူ ပန်းပုလုပ်ငန်းများသည်လည်း ခရီးသည်ဝင် ရောက်မှုမရှိတော့သဖြင့် အလုပ်များရပ်နား ထားရကြောင်း သိရသည်။















