နာမည်ကျော် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် PSG အသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်ကို တန်ဖိုးထားပြီး လာမည့်နွေရာသီအပြောင်း အရွှေ့ကာလတွင် အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။
အသက် (၃၄) နှစ်အရွယ်ရှိ မက်ဆီသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် (၁၆)နှစ်ကြာ လက်တွဲလာခဲ့သည့် ဘာစီလိုနာအသင်းနှင့် ဘဏ္ဍာရေးပြဿနာကြောင့် လမ်းခွဲခဲ့ရပြီး PSG အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိ လာခဲ့သူဖြစ်သည်။
၎င်းသည် PSG အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း PSG အသင်းတွင် ထင်မှတ်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။
သို့သော် Mundo Deportivo ၏ ဖော်ပြချက်အရ မက်ဆီအနေဖြင့် PSG အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်ကို တန်ဖိုးထားပြီး ယင်းစာချုပ် ပြည့်မြောက်သည်အထိ ကစားရန် PSG အသင်း တွင်ဆက်နေရန် ဆန္ဒရှိနေကြောင်း သိရသည်။
မက်ဆီသည် လာမည့် ၂၀၂၂-၂၃ ရာသီတွင် PSG အသင်း၏ ကစားသမားအဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေခြင်းအပေါ် အံ့အားသင့်နေပြီး အသင်းမှထွက်ခွာရန် ဆန္ဒမရှိကြောင်း Mundo Deportivo က ဖော်ပြခဲ့သည်။
မက်ဆီသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၂၉) ကစားထားပြီး (၈)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၃)ကြိမ် ပြုလုပ်ပေးထားသည်။















