မတ် ၃၀ ရက် မွန်းလွဲပိုင်းအချိန်က ဇွဲကပင်တောင်တွင် ပျောက်ဆုံးနေသည့် အမျိုးသမီးအား ဧပြီ ၁ ရက် နံနက်ပိုင်းက သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဧပြီလ ၁ ရက် နံနက် ၈ နာရီခွဲခန့်က ဇွဲကပင်တောင်၊ အထက်ရေတံခွန် ဘုရားလေးအနီး မရမ်းပင်အောက်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဘားအံခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန့်ဇင်ဝင်း ၏ ပြောကြားချက်များအရ သိရသည်။
“ယနေ့မနက် (၇) နာရီအချိန်လောက်ကစတင်ပြီးတော့ ဒုတိယမြောက်နေ့အဖြစ် ရှာဖွေရေးများ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ မနက် (၈) နာရီခွဲအချိန်လောက်မှာ ဇွဲကပင်တောင်တက်လမ်းအထက်ရေတံခွန်နားမှာ ကောင်မလေးရဲ့ Dead Body ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကောင်မလေးရဲ့ Dead Body ကိုကျောက်တုံး၊ သစ်ရွက်တွေ၊ မြေစာတွေနဲ့ဖုံးအုပ်ထားတာ ခြေထောက်လေးဘဲပေါ်နေတယ်။ အဲ့ဒါကို ကျွန်တော်တို့ အဖွဲ့တွေက ရှာတွေ့ခဲ့ကြတာပါ” ဟု ဦးသန့်ဇင်ဝင်း က ပြောကြားသည်။
ဇွဲကပင်တောင်ပေါ်တွင်သေဆုံးလျက်တွေ့ရှိခဲ့ရသည့် အမျိုးသမီး၏ ဦးခေါင်းခွံတွင် ကြေမွဒဏ်ရာများ တွေ့ရှိရသည့်အတွက် မတော်တဆပြုတ်ကျခြင်းမဟုတ်ဟု ယူဆရကြောင်း နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဦးသန့်ဇင်ဝင်း ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ အသက် (၂၂) နှစ်အရွယ်အမျိုးသမီးမှာ ဘားအံမြို့နယ်၊ ဖားကပ်ကျေးရွာအုပ်စု၊ တောကြီးကုန်းကျေးရွာတွင် နေထိုင်သည်သူ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ဇွဲကပင်တောင်ပေါ်သို့ မတ်လ (၃၀) ရက် မွန်းလွဲ (၁) နာရီ (၃၀) မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ ဇွဲကပင်တောင်ပေါ်သို့တက်သွားကြောင်း၊ မွန်းလွဲ (၃) နာရီအချိန်ခန့်တွင် အမျိုးသားတစ်ဦးတည်းသာပြန်ဆင်းလာပြီး အမျိုးသမီးမှာ ပြန်မပါလာကြောင်း၊ ဂေါပကအဖွဲ့မှ အမျိုးသားအား မေးမြန်းရာတွင် နောက်မှာလိုက်လာကြောင်းသာပြောကြားပြီး ၎င်းစီးလာသည့် ဆိုင်ကယ်အားမောင်းနှင်သွားကြောင်း နှင့် အမျိုးသမီးစီးလာသည် ဆိုသည့် ဆိုင်ကယ်သာကျန်ရစ်ခဲ့ကြောင်းကို ဂေါပကအဖွဲ့ထံမှ သိရသည်။
ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးနေသည်ဆိုသည့် အမျိုးသမီးအား မတ်လ (၃၁) ရက် နံနက်ပိုင်းကမှစတင်ကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဘားအံခရိုင်) မှ ကယ်ဆယ်ရေးအဖွဲ့များ၊ ဘားအံမြို့နယ်အတွင်းရှိ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း နှင့် ဧပြီလ (၁) ရက် နံနက်ပိုင်းတွင် ပျောက်ဆုံးနေသည့်အမျိုးသမီး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဇွဲကပင်တောင်တွင် ပြီးခဲ့သည့် (၂၀၂၀) ပြည့်နှစ်မေလအတွင်းက အမျိုးသမီးတစ်ဦး နှင့် ဇူလိုင်လအတွင်းက အမျိုးသားတစ်ဦး ခုန်ချမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။















