တောင်အာဖရိက၏ ကျန်းမာရေးထုတ်ကုန်များဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က Merck ကုမ္ပဏီ၏ COVID-19 ကုသဆေးကို အလွန်အန္တရာယ်များသည့် အရွယ်ရောက်ပြီး လူနာများအတွက် အသုံးပြုရန် ဖေဖော်ဝါရီ ၁၇ ရက်တွင် ခွင့်ပြုချက်ပေးခဲ့သည်။
Merck ၏ ကိုဗစ်ကုသဆေး molnupiravir ကို ကနဦးခြောက်လတာ ကာလအ တွက် အခြေအနေအရ ခွင့်ပြုချက်ပေးခဲ့ပြီး တင်သွင်းခွင့်ပေးခဲ့ကြောင်း တောင်အာဖရိက ကျန်းမာရေး ထုတ်ကုန်များဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့(SAHPRA)က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
သောက်ဆေးအမျိုးအစားဖြစ်သည့် ယင်း molnupiravir ဆေးကို ရောဂါလက္ခဏာများပြသည့် ငါးရက်အတွင်း သောက်သုံး ရမည်ဖြစ်ပြီး အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် မပေါ်မီ စမ်းသပ်ချက်များအရ ယင်းဆေးသည် စိုးရိမ်ရသည့် လူနာများအကြား ကိုဗစ်ကြောင့် ဆေးရုံတက်ရောက်ရနိုင်သည့် အန္တရာယ်နှင့် သေဆုံးနိုင်ခြေကို ၃၀ ရာခိုင်နှုန်းလျှော့ချပေး နိုင်သည်ကို လေ့လာတွေ့ရှိခဲ့သည်။
“molnupiravir ဆေးကို အသုံးပြုခွင့်ပေးလိုက်တာဟာ COVID-19 ကပ်ရောဂါ ကို တိုက်ဖျက်ရာမှာ နောက်ထပ်ကုထုံးတစ်ခု ရရှိသွားခဲ့တာဖြစ်ပါတယ်”ဟု SAHPRA ၏ အကြီးအကဲက ပြောကြားခဲ့သည်။
ယခုလအစောပိုင်းကလည်း တောင်အာဖရိက ဇီဝနည်းပညာကုမ္ပဏီတစ်ခုက အာဖရိကတိုက်တွင် ပထမဆုံး mRNA နည်းပညာသုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ထုတ်လုပ်သွားမည်ဟု ပြောကြားခဲ့ပြီး ယင်းကာ ကွယ်ဆေးကို Moderna ၏ နည်းပညာကို အသုံးပြုကာ ထုတ်လုပ်သွားမည်ဖြစ်ကာ နိုဝင်ဘာလအတွင်း လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် အသင့်ဖြစ်နေလိမ့်မည်ဟု ပြောကြားခဲ့သည်။
ကိတ်တောင်းမြို့အခြေစိုက် Afrigen Biologics and Vaccinesကုမ္ပဏီသည် ကာကွယ်ဆေးကို အခြေခံကာ ထုတ်လုပ်မည့် mRNA ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ရှေ့ဆောင်စီမံကိန်း ကို ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် COVAX တို့က ထောက်ပံ့ပေးထားသည် ဟုဆိုသည်။
“ဓာတ်ခွဲခန်းအခြေအနေအရ ကျွန်မတို့ မှာ ကာကွယ်ဆေးရှိနေပါတယ်။ အခု အဲ့ဒီ ကာကွယ်ဆေးကို ကျွန်မတို့ စမ်းသပ်ဖို့လိုအပ် နေပါတယ်”ဟု Afrigen ၏ စီမံခန့်ခွဲမှုဒါရိုက်တာ ပတ်ထရိုတာဘလန်ချီက အေအက်ဖ်ပီ ကို ပြောကြားသည်။ ပထမဆုံးကာကွယ်ဆေး သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်အ တွင်း အဆင်သင့်ဖြစ်နေလိမ့်မည်ဟုဆိုသည်။
Afrigenသုတေသီများသည် Modernaက ၎င်း၏ ကာကွယ်ဆေးကို ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည့် မျိုးဗီဇကုတ်ကို အသုံးပြုပြီး DNA နှင့် RNA တို့ကို ဖန်တီးခဲ့ကာ ကိုယ်ပိုင်ကာကွယ်ဆေးကို ဖန်တီးခဲ့ ခြင်းဖြစ်သည်။ Moderna သည် အဆိုပါ မျိုးဗီဇကုတ်ကို အများပြည်သူများ အသုံးပြုနိုင်ရေးအတွက် ထုတ်ပေးခဲ့သည်။
“ကျွန်မတို့ဟာ စတန်းဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်ပြီး Modernaက သူ့ရဲ့တကယ် ကောင်းတဲ့ကာကွယ်ဆေးအတွက် အသုံးပြုခဲ့တဲ့ မျိုးဗီဇကိန်းစဉ်ကို ပထမဆုံးအသုံးပြုတာ ဖြစ်ပါတယ်။ ပြီးမှ ကာကွယ်ဆေးကို ပုံစံထုတ် ကာ ဓာတ်ခွဲခန်းစကေးနဲ့ ထုတ်တာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။
တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရသူ ၃.၆ သန်းကျော်ရှိပြီး သေဆုံးသူ ၉၆၀၀၀ ကျော်ရှိနေမှုနှင့်အတူ အာဖရိကတိုက်တွင် ကပ်ရောဂါကြောင့် သေဆုံးသူ အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။














