စစ်အေးကာလ တောင်းဆိုမှုများဖြင့် ရုရှားက ဥရောပလုံခြုံရေးကို အန္တရာယ်ပေးနေသည်ဟု ဂျာမနီစွပ်စွဲပြောကြား

စစ်အေးကာလ တောင်းဆိုမှုများဖြင့် ရုရှားက ဥရောပလုံခြုံရေးကို အန္တရာယ်ပေးနေသည်ဟု ဂျာမနီစွပ်စွဲပြောကြား
ဂျီ ၇ အစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားနေသော ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဘဲဘော့ကို ဇန်နဝါရီ ၂ ရက်ကတွေ့ရစဉ်  Photo : AFP
ဂျီ ၇ အစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားနေသော ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဘဲဘော့ကို ဇန်နဝါရီ ၂ ရက်ကတွေ့ရစဉ်  Photo : AFP
Published 18 February 2022
Ref : AFP

စစ်အေးတိုက်ပွဲကာလကို အမှတ်ရစရာ ဖြစ်စေသော တောင်းဆိုချက်များဖြင့် ရုရှားသည် ဥရောပ လုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် ဂျာမနီက စွပ်စွဲပြော ကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းကို အဓိက ထားဆွေးနွေးရန်ရှိနေသည့် မြူးနစ်လုံခြုံရေး ကွန်ဖရန့်ကို တက်ရောက်ရန် အနောက်နိုင်ငံ ခေါင်းဆောင်များ မြူးနစ်မြို့ကို ရောက်ရှိလာချိန်တွင် ဂျာမနီက ရုရှားကို အထက်ပါအတိုင်း စွပ်စွဲပြောကြားလိုက်ခြင်းဖြစ်သည်။

ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ရန် နီးစပ်နေပြီဟု အနောက်နိုင်ငံများ တွင် စိုးရိမ်မှုများမြင့်တက်လျက်ရှိကာ အမေရိကန်ကလည်း ရက်ပိုင်းအတွင်း ရုရှား တိုက်ခိုက်မှု ဖြစ်လာနိုင်သည်ဟု သတိပေးထားသည်။

ရုရှားသည်တင်းမာမှုလျော့ကျရေးအတွက် လေးနက်သောအစီအမံများကို သက်သေပြရန် လိုအပ်နေသည်ဟု မြူးနစ် လုံခြုံရေးကွန်ဖရန့်ဖွင့်ပွဲမတိုင်မီ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးအန်နာလီနာဘဲဘော့က ထုတ်ပြန် ခဲ့သည်။

“ယူကရိန်းနဲ့နယ်နိမိတ်မှာ မကြုံဖူး လောက်အောင်စစ်သားတွေတပ်ချထားတာ၊ စစ်အေးတောင်းဆိုမှုတွေ လုပ်နေတာနဲ့အတူ  ရုရှားဟာ ဥရောပငြိမ်းချမ်းရေးအစီအစဉ်ရဲ့ အခြေခံစည်းကမ်းတွေကို စိန်ခေါ်နေပါ တယ်”ဟု ဘဲဘော့က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နေတိုးမဟာမိတ်အဖွဲ့၏ အရှေ့ဥရောပသို့ ချဲ့ထွင်မှုနှင့်စပ်လျဉ်း၍ အနောက်နိုင်ငံများနှင့် ရုရှားတို့ ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေဖြစ်ပေါ်ချိန် ရုရှားတပ်များက ယူကရိန်းကို ၀ိုင်းထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင် မြူးနစ်သို့မထွက်ခွာမီ ကုလသမဂ္ဂသို့မိန့်ခွန်းပြောကြားရာတွင် ရုရှားသည် စစ်ရေးအရတိုက်ခိုက်ရာတွင် လျော်ကန်သင့် မြတ်ကြောင်းသက်သေပြရန် မူမမှန်သော အကြောင်းပြချက်ကို စကားခံရန် ရှိနေသည် ဟု ပြောကြားခဲ့သည်။

ယင်းသို့ ရုရှား၏ အကွက်ဆင်ဖန်တီးမှု တစ်ရပ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ပေါ်ပေါက် ခဲ့သည်ဟု အချို့က စိုးရိမ်ခဲ့ကြသည်။ ဖေဖော် ၀ါရီ ၁၇ ရက်တွင် ယူကရိန်းအရှေ့ပိုင်းရှိ မူလတန်းကျောင်း တစ်ကျောင်း အမြောက် ဖြင့် အပစ်ခံရပြီး ရန်လိုမှုများ အရှိန်မြင့်တက် လာခြင်းအတွက် ရုရှားကျောထောက်နောက် ခံပေးထားသော ခွဲထွက်ရေးသမားများက ယူကရိန်းကို အပြစ်တင်ခဲ့သည်။

ကျူးကျော်မှုအစီအစဉ်မှန်သမျှကို ရုရှား က ငြင်းဆန်ထားသည်။ သို့ရာတွင် လုံခြုံရေး တောင်းဆိုမှုများကို အမေရိကန်က ဖြည့် ဆည်းပေးခြင်းမရှိပါက ရုရှားက စစ်ရေးအရ တုံ့ပြန်မှုကို လုပ်ဆောင်နိုင်သည်ဟု ရုရှားအ စိုးရက ပြောကြားခဲ့သည်။

မြူးနစ်လုံခြုံရေးကွန်ဖရန့်ကို တက် ရောက်ရန် ရုရှားက လက်ရှိအချိန်ထိ ငြင်းဆန် ထားသည်ဆိုသော်လည်း ယင်းကွန်ဖရန့်မ တိုင်မီ ကျူးကျော်မှု ဖြစ်မလာပါက ဘလင်ကင် က ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက် ဗရော့ဗ်ကို လာမည့်သီတင်းပတ်တွင် တွေ့ဆုံ မည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ သည်။“ရုရှားဟာဒီအခွင့်အလမ်းကို အခွင့် ကောင်းမယူတာဟာ ဆုံးရှုံးမှုတစ်ခုပါ”ဟု ဘဲဘော့က ပြောကြားခဲ့သည်။

မြူးနစ်လုံခြုံရေးကွန်ဖရန့်တွင် အကြမ်း ဖက်မှု၊ စစ်ရေးအရှိန်မြင့်တက်လာမှုတို့နှင့် သက်ဆိုင်သောအကြောင်းအရာများကို ဆွေးနွေးသွားမည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဘဲဘော့က ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြခဲ့သည်။

ပြင်သစ်၊ ဗြိတိန်၊ ဂျပန်၊ အမေရိကန်တို့လည်း မြူးနစ်လုံခြုံရေးကွန်ဖရန့်ကို တက်ရောက်ကြမည်ဖြစ်သည်။            

Most Read

Most Recent