ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှစ်လုံးအပြည့်ထိုးနှံပြီးသည့် မိခင်များမှမွေးဖွားလာသော ကလေးငယ်များသည် ပြင်းထန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူရသည့်အခြေအနေမှ ၆၀ ရာခိုင်နှုန်းနီးပါး အကာအကွယ်ရရှိဖွယ်ရှိသည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ သုတေသနလေ့လာတွေ့ရှိချက် အသစ်တစ်ရပ်ကိုဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကိုယ်ဝန်ဆောင်ကာလအတွင်း အချင်းမှနေ၍ပဋိပစ္စည်းများ လွှဲပြောင်းရရှိပြီးမွေးဖွားပြီးနောက် နို့တိုက်ကျွေးမှုမှတစ်ဆင့် ပဋိပစ္စည်းများရရှိခြင်းကြောင့် ယင်းသက်ရောက်မှု ဖြစ်ပေါ်နိုင်သည်ဟု ယူဆထားကြသော်လည်း လက်တွေ့တွင်မူ ယနေ့အချိန်အထိ ခိုင်လုံသည့်အထောက်အထား မရှိသေးပေ။
CDC က ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကလေးဆေးရုံ ၂၀ ခန့်တွင် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သည့် ခြောက်လသားအရွယ်အထိ မွေးကင်းစ ကလေးငယ်ပေါင်း ၃၇၉ ဦးကို သုတေသနလေ့လာမှု ပြုလုပ်ခဲ့သည်။
ယင်းလေ့လာမှု၌ COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသည့်မိခင်များမှမွေးဖွားလာသော COVID-19 ရောဂါကြောင့်ဆေးရုံတက်ရောက်မှု ခံယူရသည့်မွေးကင်းစကလေးငယ် ၁၇၆ ဦးရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသည့် မိခင်များမှ COVID-19 နှင့်ဆက်နွှယ်မှုမရှိဘဲ ဆေးရုံတက်ရောက် ကုသမှုခံယူရသည့် မွေးကင်းစကလေးငယ် ၂၀၃ ဦးရှိကြောင်း တွေ့ရှိခဲ့သည်။
၎င်းသည် တူညီသော ၀ိသေသလက္ခဏာများရှိသည့် လူနာများကို စစ်ဆေးရန် ကြိုးပမ်းသောလက်တွေ့ကမ္ဘာတွင် အသုံးပြုနေသည့် စာရင်းအင်းနည်းလမ်းတစ်ရပ်ဖြစ်ပြီး အလျဉ်းသင့်သလို ဆေးဘက်ဆိုင်ရာစမ်းသပ်လေ့လာမှုများ ပြုလုပ်ရန် မဖြစ်နိုင်သည့် အခြေအနေများတွင် အသုံးပြုလေ့ရှိသည်။
ကာကွယ်ဆေးထိုးနှံပြီးသည့် မိခင်များမှ မွေးဖွားလာသော အသက်ခြောက်လအောက် ကလေးငယ်များသည် COVID-19 ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူရသည့်အခြေအနေမှ ၆၁ ရာခိုင်နှုန်း အကာအကွယ်ရရှိဖွယ်ရှိသည်ဟု CDC သုတေသီ ဒါနာမီရာနေးဒယ်မန်းက ပြောကြားခဲ့သည်။
COVID-19 ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူရသူ ကလေးငယ် ၈၄ ရာခိုင်နှုန်းသည် ကိုယ်ဝန်ဆောင်ကာလအတွင်း ကာကွယ်ဆေးမထိုးနှံရသေးသည့် မိခင်များမှ မွေးဖွားလာကြသူများဖြစ်သည်။ သုတေသနလေ့လာမှုတွင် သေဆုံးခဲ့သည့် ကလေးငယ်တစ်ဦးသည် ကာကွယ်ဆေးမထိုးနှံရသေးသည့် မိခင်တစ်ဦးမှ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။
လူမည်းနှင့် စပိန်ဘာသာစကားပြောသည့် လက်တင်အမေရိကနွယ်ဖွားကလေးငယ်များသည် အချိုးမညီမျှစွာ COVID-19 ကြောင့်ဆေးရုံများတွင် ကုသမှုခံယူနေရသည်။
“ခြုံပြောရရင်တော့ကိုယ်ဝန်ဆောင်ချိန်မှာ ကာကွယ်ဆေးထိုးနှံမှု ခံယူတာဟာ ငယ်ရွယ်တဲ့ မွေးကင်းစကလေးငယ်တွေကို ကာကွယ်ပေးရာမှာ အထောက်အကူဖြစ်စေတဲ့ အလွန်အရေးကြီးတဲ့ နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်” ဟု မီရာနေးဒယ်မန်းကပြော ကြားခဲ့သည်။














