မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ကွယ်လွန်သူဖခင် ကင်ဂျုံအီ၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ရေခဲမှတ်အောက်ရောက်ရှိနေသည့် အေးခဲသည့် ရာသီဥတုတွင် လူအများအပြားစုရုံးခဲ့ပြီး အခမ်းအနားများပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖော်ပြခဲ့ပြီး ဒုံးကျည်များနှင့် စစ်ရေးပြအခမ်းအနားများ ပါဝင်ခြင်းမရှိခဲ့ပေ။
မြောက်ကိုရီးယား၏ တရားဝင်မှတ်တမ်းများအရ ဖေဖော်ဝါရီ ၁၆ ရက်က ကင်ဂျုံအီကို မွေးဖွားခဲ့သည်လျှို့ဝှက် ပြောက်ကျားစခန်းတစ်ခုတည်ရှိသည့် ပက်တူတောင်အနီးရှိ ဆမ်ကျီယွန်မြို့တွင်ကျင်းပသည့် ထွန်းတောက်ကြယ်နေ့အခမ်းအနားကို ကင်သည် ထိပ်သီးအရာရှိများနှင့်အတူ တက်ရောက်ခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ ပြက္ခဒိန်တွင် နိုင်ငံ၏ တရားဝင်သမိုင်းကြောင်း အထူးသဖြင့် ကင်၏ဖခင်ဖြစ်သူ ကင်ဂျုံအီနှင့် မြောက်ကိုရီးယားနိုင်ငံကို ထူထောင်သည့် ၎င်း၏အဖိုးဖြစ်သူ ကင်အီဆွန်းတို့နှင့် ဆက်နွှယ်သည့် အထိမ်းအမှတ်အခမ်းအနားများနှင့် ပြည့်နှက်နေသည်။
ယင်းအခမ်းအနားများတွင် ပန်းအလှပြမှုများ၊ လူအများအပြားစုဝေးကခုန်မှုများနှင့် ချီးကျူးဂုဏ်ပြုမှုများကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ယင်းလုပ်ဆောင်မှုများသည် မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းအပေါ် ပြည်သူများက သစ္စာစောင့်သိမှုကို ပြသသည့် သဘောသက်ရောက်စေရန်ဖြစ်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
ဧပြီ ၁၅ ရက်တွင် ကျရောက်သည့် ကင်အီဆွန်း၏ မွေးနေ့ကိုမူ နေဝန်းနေ့ဟု သတ်မှတ်ခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက်က မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်သည့် ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် ကင်ဂျုံအီ၏ကြီးမားသည့် ရုပ်တုကြီးရှေ့တွင် လူအများအပြားစုရုံးပြီး ချီးကျူးဂုဏ်ပြုနေပုံများကို ဖော်ပြခဲ့ပြီး ယင်းနေ့သည် အလွန်မင်္ဂလာရှိသည့် နေ့ဖြစ်သည်ဟု KCNA က ဖော်ပြခဲ့သည်။
အခမ်းအနားသို့တက်ရောက်လာသည့် လူအုပ်သည် ခေါင်းဆောင်ကင်ဂျုံအွန်၏ မျက်စိအောက်တွင် ဂုဏ်ပြုကြွေးကြော်ခဲ့ကြပြီး တရုတ်နယ်စပ်တွင်ရှိသည့် ဆမ်ကျီယွန်မြို့သည် မိမိတို့တော်လှန်ရေးဇာတိအိမ် ဖြစ်သည်ဟု ကင်က ပြောကြားခဲ့သည်။
ကင်သည် မကြာသေးမီနှစ်များအတွင်းက ယင်းနေရာဒေသတွင် တိုက်ခန်းအသစ်များ၊ ဟိုတယ်များနှင့် အပန်းဖြေနှင်းလျှောစီးစခန်းအပါအဝင် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် လိုအပ်သည့် အရင်းအမြစ်များစွာ ပုံအောသုံးစွဲခဲ့သည်။
ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တင်းမာမှုအသစ်များ မြင့်တက်နေသဖြင့် ယခုနှစ်တွင် ပြုလုပ်သည့် အခမ်းအနားသည် အနီးကပ်စောင့်ကြည့်ခံခဲ့ရသည်။ လေ့လာသူအချို့ကမူ မြောက်ကိုရီးယားသည် ၎င်း၏ လက်နက်အသစ်များကို ပြသရန် စစ်ရေးပြအခမ်းအနားတစ်ခု ထည့်သွင်းဖွယ်ရှိသည်ဟု ကြိုတင်မျှော်မှန်းခဲ့ကြသည်။
မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း အင်အားအပြင်းဆုံး ဒုံးကျည်စမ်းသပ်မှုအပါအဝင် ဇန်နဝါရီလအတွင်း လက်နက်စမ်းသပ်မှု ခုနစ်ကြိမ်အထိ မကြုံစဖူးလုပ်ဆောင်ခဲ့သဖြင့် တင်းမာမှုများမြင့်တက်ခဲ့ သည်။ ထို့ပြင်မြောက်ကိုရီးယားသည် ကာလကြာရှည်ရပ်နားထားသည့် နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်များစမ်းသပ်မှုကို ပြန်လည်လုပ်ဆောင်သွားမည်ဟု အရိပ်အမြွက်ပြောကြားခဲ့သော်လည်း ၎င်း၏မဟာမိတ်တရုတ်နိုင်ငံတွင် ပေကျင်းအိုလံပစ်ကျင်းပနေသည့် အချိန်အတောအတွင်း လက်နက်စမ်းသပ်မှုများကို ဆိုင်းငံ့ဖွယ်ရှိသည်။














