ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လာသူ မြန်မာရွှေ့ပြောင်း လုပ်သားများအား မြဝတီ အမှတ်၂ ချစ်ကြည်ရေး တံတားမှကြိုဆိုလျက်ရှိရာ သြဂုတ်လ ၁ရက် နေ့မှ ဖေဖော်ဝါ ရီ ၂ရက်ထိ ၂၄၃၈၈ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှနေရပ်ပြန်လာသူများကို တစ်ရက်ခြား၍ တစ်နေ့လျှင် လူ ၅၀၀ ဦး ကြိုဆိုလက်ခံခဲ့ရာမှ ကိုဗစ်စတုတ္ထလှိုင်း အိုမီခရွမ်ကို ကာကွယ်သည့်အနေဖြင့် တစ်ပတ်လျှင်၂၀၀ ဦးသာ လက်ခံ ကြိုဆိုခဲ့ပြီး ယခု အခါ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ တစ်ပတ်လျှင် သုံးရက် တစ်ရက်လျှင်၂၀၀ နှုန်း ကြိုဆိုလက်ခံခဲ့ခြင်းဖြစ်သည်။
မဲဆောက်-မြဝတီလမ်းမှတစ်ဆင့် နေရပ်ပြန်လာသူအလုပ်သမားများသည် မြဝတီမြို့ ကွာရတင်းစင်တာများတွင် နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်များစစ်ဆေးခံရမည်ဖြစ်ကာ ၁ဝရက်တိတိ ကွာရတင်းဝင်ရမည် ဖြစ်ပြီး ၁ဝရက်ပြည့်၍ ကိုဗစ်ရောဂါကင်းစင်မှသာ မိမိတို့နေရပ် ဒေသများသို့ ပြန်ခွင့် ရမည်ဖြစ်ကြောင်းမြဝတီခရိုင်မှ ဒု/ခရိုင်အုပ် ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက ပြောကြားသည်။
နေရပ်ပြန်လာသူများတွင် အလုပ်လက်မဲ့ဖြစ်ကာ ပြန်လာသူ၊ မိဘ ဆွေမျိုးများ နာမကျန်းဖြစ်၍ပြန်လာသူနှင့် ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဝင်ရောက်ပြီး မဲဆောက် ရဲစခန်းမှ အချုပ်လွတ်ဖြင့် ပြန်လာသူများ ပါဝင်ကြောင်းလည်း သိရသည်။
ကိုဗစ်တတိယလှိုင်းကြောင့် နေရပ်ပြန် ကြိုဆိုရေးကို ရပ်နားခဲ့ရာမှ သြဂုတ်လ ၁ ရက်နေ့တွင် စတင်လက်ခံကြိုဆိုခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
နေရပ်ပြန်မြန်မာ လုပ်သားများကို တစ်ပတ်လျှင် သုံးရက်၊ တစ်နေ့လျှင် ၂၀၀ ဦးသာ လက်ခံကြိုဆိုလျက်ရှိသော်လည်း နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုကို ပုံမှန်အတိုင်း နေ့ စဉ် ဆောင်ရွက်လျက်ကြောင်း သိရသည်။
ထို့အတူ မြန်မာနိုင်ငံဘက်သို့ ပြန်လာသူများရှိသလို ထိုင်းနိုင်ငံဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကြခြင်းကြောင့် နေ့စဉ် ရာနှင့်ချီ၍ ဖမ်းဆီးခံနေရကြောင်း သိရသည်။















