ချယ်လ်ဆီးအသင်း ဘယ်နောက်ခံလူ ချီဝဲလ် ဒူးအရွတ်ဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်

ချယ်လ်ဆီးအသင်း ဘယ်နောက်ခံလူ ချီဝဲလ် ဒူးအရွတ်ဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်
Photo: Getty Images
Photo: Getty Images
Published 2 January 2022

 

ဒူးအရွတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေသည့် ချယ်လ်ဆီးအသင်းဘယ်နောက်ခံလူ ချီဝဲလ်သည် ဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ရာ အောင်မြင်ခဲ့ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမား ချီဝဲလ်သည် နိုဝင်ဘာလကုန်ပိုင်းက ဂျူဗင်တပ်စ်အသင်းနှင့်ကစားသည့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား ရာဘီယူနှင့် ထိခိုက်မိရာမှ ဒူးအရွတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ချီဝဲလ်အနေဖြင့် ကနဦးတွင် ရှေးဟောင်းနည်းဖြင့် ကုသရန် စီစဉ်ထားသော်လည်း ဆုံးဖြတ်ချက် ပြင်ဆင်၍  ခွဲစိတ်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

"ကျွန်တော့်ရဲ့ ခွဲစိတ်ကုသမှု အောင်မြင်တဲ့အကြောင်း အားလုံးကို အသိပေးချင်ပါတယ်။ ကျွန်တော့်အနေနဲ့ အရမ်းအပြုသဘောဆောင်ပြီး စိတ်အားထက်သန်နေပါတယ်။ ကျွန်တော့်ချာတိတ်တွေနဲ့အတူ ကွင်းထဲကို သားရဲတစ်ကောင်လို ပြန်လာခဲ့မှာပါ။ ဒီထိပ်တန်းကလပ်အတွက် ဆုဖလားတွေရရှိအောင် ကူညီပေးသွားမှာပါ။ ခင်ဗျားတို့အားလုံးရဲ့ အားပေးမှုနဲ့ ကောင်းမွန်တဲ့စာတွေအတွက် ကျေးဇူးတင်ပါတယ်" ဟု ချီဝဲလ်က Twitter တွင် ပြောကြားခဲ့သည်။

ချီဝဲလ်အနေဖြင့် ခွဲစိတ်ကုသမှုအောင် မြင်သော်လည်း ကာလရှည် အနားယူရမည် ဖြစ်ရာ ရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။ ၎င်းမပါဝင်နိုင်သဖြင့် အလွန်ဆိုကို အစားထိုးအသုံးပြုရမည်ဖြစ်ပြီး ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူခြင်း သို့မဟုတ် လိုင်ယွန်အသင်း၌ အငှားချထားသည့် အီမာဆန်နှင့် ကိုဗင်ထရီအသင်း၌ အငှားချထားသည့် အီယန်မာအတ်ဆန်တို့ကို ပြန်လည်ခေါ်ယူခြင်း ပြုလုပ်ဖွယ်ရှိနေသည်။

Most Read

Most Recent