သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့၏ မြေးတော် ထိပ်စုဘုရားကြီး နတ်ရွာစံကံတော်ကုန်ခဲ့ကြောင်း ထိပ်စုဘုရားကြီး၏ သမီးတော် ဒေါ်ဒေဝီခင်က ပြောကြားသည်။
ထိပ်စုဘုရားကြီးမှာ သက်တော် ၉၉ နှစ်တွင် လူကြီးရောဂါဖြင့် ကံတော်ကုန်ခဲ့ကြောင်း၊ ကုန်းဘောင်အနွယ်တော်မျိုးဆက်တွင် မြေးတော်အဖြစ် နောက်ဆုံးကျန်ရစ်ခဲ့သူဖြစ်ကြောင်း ဒေါ်ဒေဝီခင်က ပြောကြားသည်။
"သက်တော်အရတော့ ကံကုန်သွားတာပဲ။ ဘာမှမဖြစ်ဘူး။ ဆေးလည်းစွဲသောက်နေရတာမရှိဘူး။ မနက် ၄ နာရီ ၁၅ လောက်မှာ ကံကုန်သွားတယ်။ သက်တောင့်သက်သာပဲ။ အသက်ပါသွားတယ်ဆိုတာကိုတောင် မသိလိုက်ရဘူး။ အခုဧပြီဆိုရင် ဖွားမေက ၉၉ နှစ်ပြည့်မှာလေ။ အဲ့ဒါကို အန်တီက ကြိုပြီးအလှူလုပ်ဖို့လုပ်ထားတာ။ မမှီလိုက်ဘူး"ဟု ထိပ်စုဘုရားကြီး၏ သမီးတော် ဒေါ်ဒေဝီခင်က ပြောကြားသည်။
ထိပ်စုဘုရားကြီးမှာ သီပေါမင်းနှင့် စုဖုရားလတ်တို့မှ ဖွားမြင်သည့် ဦးကိုကိုနိုင်+စတုတ္ထသမီးတော် အရှင်ထိပ်စုမြတ်ဘုရားကလေးတို့၏ ဒုတိယသမီးတော်ကြီးဖြစ်ပြီး မွေးချင်းငါးဦးရှိသည်။
မွေးချင်းများမှာ တော်ဘုရားကြီး၊ တော်ဘုရား၊ တော်ဘုရားငယ်၊ တော်ဘုရားကလေး၊ ထိပ်စုဘုရားထွေးတို့ဖြစ်သည်။
"ကုန်းဘောင်အနွယ်တော်မှာ ဖွားမေက အသက်အကြီးဆုံးပဲ။ နောက်ပြီးတော့ မေမေ့ကို အကုန်လုံးက သက်တော်ရှည်မင်းသမီးလို့ခေါ်ကြတယ်။ မြေးတော်ထဲမှာဆိုရင် မေမေက နောက်ဆုံးကျန်တာပဲလေ။ အခုဆိုရင်တော့ မြေးတော်တွေမရှိတော့ဘူး။ ဖွားမေဆိုရင် မြေးတော်ပေါ့။ မြစ်တော်ဆိုရင် ၁၃ ယောက်လားမသိဘူး။ မြစ်တော်တွေတောင်မှ သက်တော် ၆၀၊ ၇၀ တွေတောင်ဖြစ်နေပြီ။ အဲဒါပဲကျန်တော့တယ်"ဟု ဒေါ်ဒေဝီခင်က ပြောကြားသည်။
ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည့် ထိပ်စုဘုရားကြီး(ခ) ဒေါ်စုစုခင်မှာ နတ်ရွာစံချိန်တွင် မြေးတော် ၂၀ ယောက်၊ မြစ်တော် ၁၇ ယောက်ကျန်ရစ်ခဲ့သည်။
ထိပ်စုဘုရားကြီးမှာ ကိုးမိုင်ပင်မဗုဒ္ဓဝါဒီကျောင်းတိုက်၌ နတ်ရွာစံကံတော်ကုန်သွားခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီတွင် ရေဝေးတွင် စျာပနအခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။















