အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF) ဥက္ကဋ္ဌ ပက်ထရစ်မိုဆီတီက အာဖရိကနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေသော်လည်း ၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း ဒီဇင်ဘာ (၂၁)ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို မူလက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၉)ရက်မှ ဖေဖော်ဝါရီ (၆)ရက်အထိ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် တစ်နှစ် ရွှေ့ဆိုင်းခဲ့ရသည်။
လက်ရှိ အာဖရိကနိုင်ငံများတွင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းရဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
သို့သော် မိုဆီတီက ၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို စီစဉ်ထားသည့်အတိုင်း လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၉)ရက်မှ ဖေဖော်ဝါရီ (၆)ရက်အထိ ကင်မရွန်းနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မိုဆီတီက ''ကျွန်တော့်အနေနဲ့ ဇန်နဝါရီ (၉)ရက်နေ့ ကစားမယ့် ကင်မရွန်းနဲ့ ဘာကီနာဖာဆို(၂၀၂၁ အာဖရိကနိုင်ငံများဖလား အဖွင့်ပွဲ)ပွဲကို ကြည့်ရှုမှာပါ။
Omicron က ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် မိုဆီတီက ၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် COVID-19 စစ်ဆေးမှု Positive အဖြေထွက်သည့် ပရိသတ်များကိုသာ ကွင်းအတွင်း ဝင်ခွင့်ပေးမည်ဟုလည်း ဆိုခဲ့သည်။















