အယ်လ်ဘာ၏မျက်နှာကို ဘောလုံးဖြင့် ပစ်ပေါက်ခဲ့သည့် ဆီဗီလာနောက်ခံလူ ခွန်ဒဲ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရ

အယ်လ်ဘာ၏မျက်နှာကို ဘောလုံးဖြင့် ပစ်ပေါက်ခဲ့သည့် ဆီဗီလာနောက်ခံလူ ခွန်ဒဲ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရ
Published 23 December 2021

ဆီဗီလာ-ဘာစီလိုနာပွဲတွင် ပြိုင်ဘက် ဘာစီလိုနာနောက်ခံလူ အယ်လ်ဘာ၏မျက်နှာကို ဘောလုံးဖြင့် ပစ်ပေါက်ခဲ့သည့် ဆီဗီလာနောက်ခံလူ ခွန်ဒဲသည် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဆီဗီလာ (၁-၁) ဘာစီလိုနာပွဲ၌ ဆီဗီလာအသင်းသည် ပွဲချိန် (၃၂)မိနစ်တွင် သွင်းယူခဲ့သည့် ကွင်းလယ်လူ ပါပူဂိုးမက်ဇ်၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် (၄၅)မိနစ်တွင် အာရူဟိုက ဘာစီလိုနာအသင်းအတွက် ချေပဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် ပွဲမှာပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ပွဲချိန် (၆၄)မိနစ်၌ ကွင်းဘေးစည်းနားတွင် ဘာစီလိုနာကစားသမားဖြစ်သည့် အယ်လ်ဘာနှင့် ဂါဗီတို့သည် ဆီဗီလာနောက်ခံလူ ခွန်ဒဲထံမှ ဘောလုံးလုယူရန် အပြင်းအထန်ကြိုးပမ်းခဲ့ကြပြီး ဘောလုံးမှာ ကွင်းဘေးစည်းကျော်ကာ လက်ပစ်ဘော ဖြစ်သွားခဲ့သည်။

ဘောလုံးစည်းကျော်သွားချိန်တွင် ဘာစီလိုနာနောက်ခံလူ အယ်လ်ဘာက ဘောလုံးကောက်ယူနေသည့် ခွန်ဒဲကို ရင်ဘတ်ဖြင့်တိုက်ခဲ့ရာ ခွန်ဒဲက လက်ထဲတွင်ရှိနေသည့် ဘောလုံးဖြင့် အယ်လ်ဘာ၏မျက်နှာကို ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဘောလုံးဖြင့် မျက်နှာကို ပစ်ပေါက်ခံရသည့် ဘာစီလိုနာနောက်ခံလူ အယ်လ်ဘာသည် မျက်နှာကိုအုပ်ကာ ကွင်းအတွင်း လဲကျသွားခဲ့သည်။

ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင်တို့မှာ ယင်းဖြစ်ရပ်ကို ရှင်းလင်းစွာမြင်နိုင်သည့် အနေအထားရှိနေပြီး ကွင်းလယ်ဒိုင် ဂရန်ဒီသည် မဆိုင်းမတွဘဲ ခွန်ဒဲကို တိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်ခံခဲ့သည်။

ထို့ကြောင့် ဆီဗီလာအသင်းသည် ပွဲချိန် မိနစ်(၃၀)နီးပါး ကစားသမားတစ်ယောက်လျော့ဖြင့် ကစားခဲ့ရပြီး ဒေါသမထိန်းနိုင်သည့် ခွန်ဒဲ၏လုပ်ရပ်ကို စပိန်မီဒီယာများက ရူးမိုက်သည့်လုပ်ရပ်ဟု ခေါင်းစဉ်တပ်ခဲ့ကြသည်။

ယင်းအနီကတ်မှာ ခွန်ဒဲအတွက် ကစားသမားဘဝတွင် ဒုတိယမြောက်အနီကတ်ဖြစ်ခဲ့ပြီး ခွန်ဒဲ ထုတ်ပယ်ခံရမှုကြောင့် မိမိတို့အသင်း ရုန်းကန်ခဲ့ရသည်ဟု ပါပူဂိုးမက်ဇ်က ဆိုခဲ့သည်။

ဂိုးမက်ဇ်က "အနီကတ်ကြောင့် ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ခွန်ဒဲရဲ့ဖြစ်ရပ်က ဘောလုံးမှာ ဖြစ်နေကျပါ။ သူ့အနေနဲ့ ဒီဖြစ်ရပ်က သင်ခန်းစာယူနိုင်မယ်လို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent