အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအား ပုံမှန်အတိုင်းကျင်းပပါက ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ရုန်းကန်ရဖွယ်ရှိနေပြီး ကလပ်အသင်း ၂၀ အနက် ၁၆ သင်းမှ ကစား သမားစုစုပေါင်း ၄၀ အထိ စေလွှတ်ပေးရဖွယ်ရှိကြောင်း သိရသည်။
၃၃ ကြိမ်မြောက် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကင်မရွန်းနိုင်ငံ၌ လာမည့်နှစ် ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း အာဖရိကနိုင်ငံများတွင် COVID-19 မျိုးကွဲဗိုင်းရပ်စ် အိုမီခရွန်ကူးစက်မှုနှုန်း အလွန်မြင့်မားနေ သောကြောင့် ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သုံးသပ်မှုများ ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိသည်။
သို့သော် ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများကမူ ပုံမှန်အတိုင်း ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း အခိုင် အမာပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ကလပ် ၂၀ အနက် လိဒ်စ်၊ နယူးကာဆယ်၊ နောဝစ်ချ်၊ စပါးစသည့် လေးသင်းသာ အာဖရိက ကစားသမားများ စေလွှတ်ရခြင်းမရှိဘဲ ကျန်အသင်းများမှာ အာဆင်နယ်အသင်းမှ လေးဦး၊ ဗီလာအသင်းမှ သုံးဦး၊ ဘရန့်ဖို့ဒ်အသင်းမှ သုံးဦး၊ ဘရိုက်တန်အသင်းမှ တစ်ဦး၊ ဘန်လေအသင်းမှ တစ်ဦး၊ ချယ်လ်ဆီးအသင်းမှ နှစ်ဦး၊ ခရစ္စတယ်ပဲလေ့စ်အသင်းမှ လေးဦး၊ အဲဗာတန်အသင်းမှ နှစ်ဦး၊ လက်စတာအသင်းမှ လေးဦး၊ လီဗာပူးလ်အသင်းမှ သုံးဦး၊ မန်စီးတီးအသင်းမှ တစ်ဦး၊ မန်ယူအသင်းမှ နှစ်ဦး၊ ဆောက်သမ်တန်အသင်းမှ နှစ်ဦး၊ ဝက်ဖို့ဒ်အသင်းမှ ငါးဦး၊ ဝက်စ်ဟမ်းအသင်းမှ တစ်ဦး၊ ဝုလ်ဗ်အသင်းမှ နှစ်ဦး၊ စုစုပေါင်း ၄၀ စေလွှတ်ရဖွယ်ရှိနေခြင်း ဖြစ်သည်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် မန်စီးတီးအသင်းအား ဒုတိယနေရာမှ ဖိအားပေးနေသည့် လီဗာပူးလ်အသင်းမှာ အဓိကတိုက်စစ်ကစားသမားသုံးဦးအနက် ဆာလာနှင့် မာနေတို့ကို စေလွှတ်ရမည်ဖြစ် သောကြောင့် အခြားအသင်းများထက် ပိုမို ရုန်းကန်ရဖွယ်ရှိနေသည်။
နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၉ ပြိုင်ပွဲ တွင် အယ်လ်ဂျီးရီးယားအသင်းက ဆီနီဂေါ အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲထား သည်။
■ အာဖရိကနိုင်ငံများဖလား ယှဉ်ပြိုင်ရမည့်သူများ
အာဆင်နယ် - ပါတေး(ဂါနာ)၊ အယ်လ်နန်နီ(အီဂျစ်)၊ အူဘာမီယန်း(ဂါဘွန်)၊ ပေပေ (အိုင်ဗရီကို့စ်)
ဗီလာ - ထရာဇီဂေး(အီဂျစ်)၊ ထရာအိုရေး(ဘာကီနာ ဖာဆို)၊ နာကမ်ဘာ(ဇင်ဘာဘွေ)
ဘရန့်ဖို့ဒ် - ယန်းဗီယာ(ဂီနီ)၊ အွန်ယီကာ(နိုင်ဂျီးရီး ယား)၊ ဖိုဆူအွန်နရီ(ဂါနာ)
ဘရိုက်တန် - ဘစ်ဆူးမား(မာလီ)
ဘန်လေ - ကော်နတ်(အိုင်ဗရီကို့စ်)
ချယ်လ်ဆီး - မန်ဒီ(ဆီနီဂေါ)၊ ဇီယက်ရှ်(မော်ရိုကို)
ပဲလေ့စ် - ကူယာတေး(ဆီနီဂေါ)၊ ရှာလက်ပ်(ဂါနာ)၊ အာယူး(ဂါနာ)၊ ဇာဟာ(အိုင်ဗရီကို့စ်)
အဲဗာတန် - အီဝိုဘီ(နိုင်ဂျီးရီးယား)၊ ဂျီဘာမင်(အိုင် ဗရီကို့စ်)
လက်စတာ - အမာတေ(ဂါနာ)၊ အီဟီယန်နာချို(နိုင် ဂျီးရီးယား)၊ မန်ဒီ(ဆီနီဂေါ)၊ အန်ဒီဒီ(နိုင်ဂျီးရီးယား)
လီဗာပူးလ် - ဆာလာ(အီဂျစ်)၊ မာနေ(ဆီနီဂေါ)၊ ကီတာ(ဂီနီ)
မန်စီးတီး - မာရက်ဇ်(အယ်လ်ဂျီးရီးယား)
မန်ယူ - ဒီယဲလို(အိုင်ဗရီကို့စ်)၊ ဘာယီ(အိုင်ဗရီကို့စ်)
ဆောက်သမ်တန် - ဂျီနီပို(မာလီ)၊ ဆာလီဆူ(ဂါနာ)
ဝက်ဖို့ဒ် - မက်ဆီနာ(မော်ရိုကို)၊ ဒန်းနစ်(နိုင်ဂျီးရီး ယား)၊ အစ္စမေလာဆား(ဆီနီဂေါ)၊ အီတီဘို(နိုင်ဂျီးရီး ယား)၊ ထရုစ်အက်ကွန်(နိုင်ဂျီးရီးယား)
ဝက်စ်ဟမ်း - ဘန်ရာမာ(အယ်လ်ဂျီးရီးယား)
ဝုလ်ဗ် - ဆာအစ်(မော်ရိုကို)၊ ဘိုလီ(အိုင်ဗရီကို့စ်)















