■ COVID-19 ကူးစက်မှု မြင့်တက်နေသော်လည်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ပုံမှန်အတိုင်းကျင်းပရန် စီစဉ်ထား

■ COVID-19 ကူးစက်မှု မြင့်တက်နေသော်လည်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ပုံမှန်အတိုင်းကျင်းပရန် စီစဉ်ထား
Photo: Getty Images
Photo: Getty Images
Published 17 December 2021

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကူးစက်မှု တစ်ကျော့ပြန် မြင့်တက်နေသော်လည်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ပုံမှန်အတိုင်းကျင်းပရန် စီစဉ်ထားကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

    

၃၃ ကြိမ်မြောက် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကင်မရွန်းနိုင်ငံ၌ လာမည့်နှစ် ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။ 

သို့သော် အာဖရိကနိုင်ငံများတွင် COVID-19 မျိုးကွဲဗိုင်းရပ်စ် အိုမီခရွန်ကူးစက်မှုနှုန်း အလွန်မြင့်မားနေ သောကြောင့် ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သုံးသပ်မှုများ ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိသည်။ 

ယင်းပြိုင်ပွဲကို မူလက ယခုနှစ် ဇွန်-ဇူလိုင်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေကြောင့် ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ပြောင်းလဲကျင်းပရန် စီစဉ်ထားပြီးမှ COVID-19 ဖြစ်ပွားမှုကြောင့် ၂၀၂၂ ခုနှစ်သို့ ထပ်မံရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။ 

ပြင်သစ်အခြေစိုက် RMC Sport ရုပ်သံက အာဖရိကဘောလုံး အဖွဲ့ချုပ်(CAF)အနေဖြင့် ယင်းပြိုင်ပွဲကို ရွှေ့ဆိုင်းဖွယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ဖော်ပြခဲ့ပြီး အီတလီနိုင်ငံထုတ် La Gazzetta dello Sport သတင်းစာကမူ ရွှေ့ဆိုင်းရန် မဖြစ်နိုင်ကြောင်း သုံးသပ်ဖော်ပြထားသည်။ 

ယင်းပြိုင်ပွဲအတွက် ကစားသမား စေလွှတ်ပေးရမည့် ဥရောပကလပ်အသင်းများက ရွှေ့ဆိုင်းစေရန် ဆန္ဒရှိသော်လည်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများကမူ ပုံမှန်အတိုင်း ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း အခိုင် အမာပြောကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent