မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် စပိန်နိုင်ငံ၌ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။
သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး တရုတ်တိုင်ပေကစားသမား ပိုင်ယုပိုနှင့် မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၃ ရက် ညပိုင်းတွင် ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပိုင်ယုပိုကို ၂၁-၁၅၊ ၂၁-၁၆ မှတ်ဖြင့် နှစ်ပွဲပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပိုင်ယုပို သည် လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် သက်ထားသူဇာထက် များစွာသာလွန်နေသလို ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ဆက်တိုက်ယှဉ်ပြိုင်နေသူဖြစ်သောကြောင့် အတွေ့အကြုံပိုင်းဆိုင်ရာ အသာရပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သက်ထားသူဇာအနေဖြင့် နှစ်ပွဲပြတ်အရေးနိမ့်ခဲ့သော်လည်း အမှတ်ပြတ်ခြင်း မရှိဘဲ ပထမပွဲငယ်တွင် ခြောက်မှတ်၊ ဒုတိယ ပွဲငယ်တွင် ငါးမှတ်အကွာဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
သက်ထားသူဇာသည် ကစားသမားဘဝတစ်လျှောက် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပထမအဆင့်မှထွက်ခဲ့ရသော်လည်း အတွေ့အကြုံများစွာရရှိခဲ့သည့်ပြိုင်ပွဲလည်းဖြစ်သည်။ သက်ထားသူဇာသည် ယခုနှစ်အတွင်း ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ခြင်းဖြစ်ပြီး နှစ်လယ်ပိုင်းက တိုကျိုအိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ပြီးနောက်ပိုင်းလအနည်းငယ်ကြာမှ ထပ်မံယှဉ်ပြိုင်ခြင်းဖြစ်သည်။
သက်ထားသူဇာသည် ယခင်က BWF ၏ တတိယတန်း အဆင့်ရှိ Grade-3 ပြိုင်ပွဲများတွင်သာ ယှဉ် ပြိုင်ခဲ့သော်လည်း သူမ၏ကစားသမားဘဝ ပိုမိုတိုးတက်ရန်အတွက် Grade-1 ပြိုင်ပွဲများ တွင် စတင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။















