ဆူဇူကီးဖလား အုပ်စုတတိယပွဲတွင် ထိုင်းကို လေးဂိုးပြတ်ရှုံးနိမ့်သဖြင့် မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရန် အခွင့်အရေးနည်းသွား

ဆူဇူကီးဖလား အုပ်စုတတိယပွဲတွင် ထိုင်းကို လေးဂိုးပြတ်ရှုံးနိမ့်သဖြင့် မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရန် အခွင့်အရေးနည်းသွား
Photo: Affsuzukicup
Photo: Affsuzukicup
Published 12 December 2021

 

၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (A) တတိယနေ့ကို ဒီဇင်ဘာ ၁၁ ရက်က စင်ကာပူနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ဂိုးပြတ်အရေးနိမ့်ပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးနည်းသွားပြီဖြစ်ကြောင်း သိရသည်။

တတိယနေ့တွင် ထိုင်းအသင်းက မြန်မာ အသင်းကို (၄-၀) ဂိုး၊ ဖိလစ်ပိုင်အသင်းက တီမောအသင်းကို (၇-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ယခုပွဲ အရေးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးနည်းသွားပြီး ထိုင်းအသင်းမှာမူ အခြေ အနေကောင်း ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ 

မြန်မာအသင်းသည် ဂိုးပြတ်အရေးနိမ့်ခဲ့သော်လည်း ဂိုးသွင်းခွင့်များ အပြန်အလှန်ရခဲ့ပြီး အဆုံးသတ်အားနည်းမှုကြောင့်သာ ချေပဂိုးမရဘဲ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် တီမောကို အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းအား တစ်ဦးသာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး မျိုးမင်းလတ် (ဂိုး)၊ ဒေးဗစ်ဒန်း၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ ဆွမ်လမန်၊ လှိုင်းဘိုဘို၊ မောင်မောင်ဝင်း၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ သန်းပိုင်တို့ကို အသုံးပြုခဲ့သည်။ ထိုင်း အသင်းတွင် ဒန်ဒါ၊ ချာနာသစ်ဆောင်ခရာ ဆင်တို့အပါအဝင် အမာခံကစားသမားအစုံ အလင်ပါဝင်ခဲ့သလို မြန်မာနှင့်ပွဲမတိုင်မီ ငါးရက်အချိန်ရခဲ့ခြင်းကြောင့်လည်း ယခုပွဲကို အင်အားအပြည့် ယှဉ်ပြိုင်နိုင်ခဲ့သည်။

ထိုင်းအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဒန်ဒါ၊ ချာနာသစ်နှင့် ဆူပါချိုင်းတို့၏ တိုက်စစ်တွဲလုံးမှာ မြန်မာခံစစ်ကို ဖိအားပေးနိုင်ခဲ့သည်။ ၂၃ မိနစ်တွင် ဒန်ဒါက ပယ်နယ်တီဧရိယာထိပ်မှ ကန်သွင်းပြီး ထိုင်းအသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းခွင့်ကိုယ်စီရခဲ့ပြီး အသုံးမချနိုင်သဖြင့် ထိုင်းအသင်းက ဒန်ဒါသွင်းယူသည့်ဂိုးဖြင့် ပထမပိုင်းအပြီးတွင် ဦးဆောင်နေခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် သန်းပိုင် အခွင့်အရေး နှစ်ကြိမ်ရသော်လည်း လွဲချော်ခဲ့သဖြင့် နစ်နာခဲ့ရသည်။ 

၅၃ မိနစ်တွင် ထိုင်းအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ဒန်ဒါက သွင်းယူသဖြင့်  ဒုတိယဂိုးရခဲ့သည်။ နောက်ပိုင်းတွင် မြန်မာအသင်း ကစားသမားများအပြောင်းအလဲ ပြုလုပ်၍ ကစားအားမြှင့်တင်ခဲ့သော်လည်း ထိုင်းအသင်းကသာ ဂိုးများထပ်မံရရှိခဲ့သည်။ ထိုင်းအသင်းအတွက် တတိယဂိုးကို ၇၇ မိနစ် တွင် ၀ိုရာချစ်က သွင်းယူခဲ့သည်။ ၈၁ မိနစ်တွင် မြန်မာတိုက်စစ်မှူး ဝင်းနိုင်ထွန်း အပိုင်ကန်ခွင့်ရသော်လည်း တိုင်ထွက်ခဲ့သလို ၈၉ မိနစ်တွင် ထောင့်ကန်ဘောကို ပိတ်သွင်းယူသော်လည်း ဂိုးမရသဖြင့် မြန်မာအသင်း ချေပ ဂိုးနှင့် ဝေးခဲ့ရသည်။ ထိုင်းအသင်းအတွက် စတုတ္ထဂိုးကို ၉၀+၂ မိနစ်တွင် ဆူပါချော့က သွင်းယူခဲ့သည်။

အဖွင့်ပွဲတွင် အိမ်ရှင်စင်ကာပူကို အရေးနိမ့်ထားသည့် ဖိလစ်ပိုင်အသင်းမှာမူ တီမောကို ခုနစ်ဂိုးပြတ်သွင်းယူပြီး သုံးမှတ်စတင်ရရှိခဲ့သည်။ ဖိလစ်ပိုင်အသင်းသည် ယခုပွဲအနိုင်ရသဖြင့် ဆီမီးဖိုင်နယ်တက်ခွင့် မျှော်လင့်ချက် ပြန်ရှိလာပြီး လက်ကျန်နှစ်ပွဲမှာ အရေးပါနေသည်။ ယခုပွဲအပြီးတွင် အုပ်စု (A) ၌ ထိုင်း နှင့် စင်ကာပူအသင်းက နှစ်ပွဲကစား၊ နှစ်ပွဲနိုင်၊ ခြောက်မှတ်ဖြင့် ဦးဆောင်နေပြီး ဖိလစ်ပိုင် အသင်းက နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ သုံးမှတ်၊ မြန်မာအသင်းက သုံးပွဲကစား၊ တစ်ပွဲ နိုင်၊ နှစ်ပွဲရှုံး၊ သုံးမှတ်၊ တီမောအသင်းမှာ သုံးပွဲ ကစား၊ သုံးပွဲရှုံးဖြင့် အမှတ်မရသေးဘဲ ရပ်တည်နေသည်။

Most Read

Most Recent