ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ ယနေ့( ဒီဇင်ဘာ ၆ ရက်) ရုံးချိန်းတွင် အမိန့်ချမှတ်ခဲ့သည်။
နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ယနေ့(ဒီဇင်ဘာ ၆ ရက်)တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယနေ့ ရုံးချိန်းတွင် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ထို့ပြင် သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍လည်း ၎င်းတို့နှစ်ဦးအား ထောက်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
နေပြည်တော်တွင် သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့အား တရားစွဲဆိုထားသည့် အမှုများထဲတွင် ပထမဆုံးအဖြစ် အမိန့်ချမှတ်သည့် အမှုဖြစ်သည်။
သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် စွပ်စွဲခံရသူများဘက်မှ သီးခြားသက်သေ(ခံပြသက်သေ)တင်သွင်းခဲ့ခြင်း မရှိခဲ့ဘဲ စွပ်စွဲခံရသူများကိုယ်တိုင် သက်သေအဖြစ် ထွက်ဆိုခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် နှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သည် ကြေညာချက်များနှင့်ပတ်သက်၍ သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမင်းသူ ဦးဆောင်၍ Car Campaign ပြုလုပ်ခဲ့ရာ စုစုပေါင်း မော်တော်ယာဉ်(၂၂၀)စီး၊ ဆိုင်ကယ်(၃၂)စီး၊ လူဦးရေ ၇၆၀ ခန့်ပါဝင်ပြီး နေပြည်တော်ရှိ မြို့နယ်များသို့ ဖြတ်သန်းလှည့်လည်ရာတွင် အတိုင်ပင်ခံအိမ်ရာအနီးတွင် COVID-19 ရောဂါ ဖြစ်ပွားမှုအပေါ်မူတည်၍ ထုတ်ပြန်ထားသော အမိန့်များအား လိုက်နာခြင်းမရှိဘဲ ကြိုဆိုနှုတ်ဆက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။