ကုန်ကြမ်း၊ ငွေသားနှင့် လုပ်သားအင်အား ဆက်လက်ရှားပါးနေခြင်းကြောင့် ထုတ်လုပ်မှု ဆက်တိုက်ကျဆင်းလာသည့် မြန်မာ့ကုန်ထုတ်လုပ်မှုလုပ်ငန်းများ

ကုန်ကြမ်း၊ ငွေသားနှင့် လုပ်သားအင်အား ဆက်လက်ရှားပါးနေခြင်းကြောင့် ထုတ်လုပ်မှု ဆက်တိုက်ကျဆင်းလာသည့် မြန်မာ့ကုန်ထုတ်လုပ်မှုလုပ်ငန်းများ
အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို COVID-19 ကာလမတိုင်မီက တွေ့ရစဉ်
အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို COVID-19 ကာလမတိုင်မီက တွေ့ရစဉ်
Published 5 December 2021
နီလာ

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍသည် ယခုနှစ်၏ နောက်ဆုံးသုံးလပတ် တစ်လျှောက်လုံး လုပ်ငန်းလည်ပတ်မှုအခြေအနေများ နောက်ထပ်ဆုတ်ယုတ်လာကြောင်း ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်သည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များ၊ COVID-19 အပြင် ကုန်ကြမ်း၊ ငွေကြေးနှင့် လုပ်သားအင်အား ရှားပါးမှုကြောင့် စက်မှုကဏ္ဍအပေါ်သို့ သက်ရောက်ခဲ့သည်။ သို့သော်လည်း ကျဆင်းမှုနှုန်းမှာမူ သိသာစွာ အားပျော့လာပြီး ထုတ်လုပ်မှု၊ အော်ဒါသစ်များနှင့် အလုပ်ခန့်မှုဆိုင်ရာ ကျဆင်းမှုမှာ ယခုလတွင် ညင်သာလာကြောင်း မှတ်တမ်းတင်ခဲ့သည်ဟု ဖော်ပြထားသည်။

အခြားကဏ္ဍများတွင် ပစ္စည်းပေးသွင်းခများ မြင့်မားမှုကြောင့် ဖြစ်ပေါ်လာသည့် ကုန်ပစ္စည်းရှားပါးမှုများကြောင့် ကုန်ကျစရိတ်များ ထိုးတက်သွားသည်။ သို့သော်လည်း ထုတ်ကုန်နှင့်သွင်းကုန်စျေး နှစ်ရပ်စလုံး ဖောင်းပွမှု သိသိသာသာ အားပျော့သွားသည်။

အဓိက IHS Markit မြန်မာ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း-ကုန်ထုတ်လုပ်မှုလုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့်တစ်ခုတည်းသော ကိန်းဂဏန်းမှာ အောက်တိုဘာတွင် ၄၃ ဒသမ ၃ရှိခဲ့ရာမှာ နိုဝင်ဘာတွင် ၄၆ ဒသမ ၇ သို့မြင့်တက်လာကြောင်း မှတ်တမ်းတင်ခဲ့သော်လည်း အပြောင်းအလဲမရှိ အမှတ် ၅၀ ထက် နိမ့်ကျနေဆဲဖြစ်သည်။

လုပ်ငန်းလည်ပတ်မှုအခြေအနေများမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမှစပြီး လစဉ်ဆုတ်ယုတ်လာခဲ့သော်လည်း ကျဆင်းမှုမှာ လေးလဆက်တိုက်အားနည်းခဲ့ပြီး ဇန်နဝါရီမှစ၍ အားအပျော့ဆုံးဖြစ်သည်။

မြန်မာနိုင်ငံတွင် ကုန်စည်ထုတ်လုပ်သူများ၌ ကုန်ထုတ်လုပ်မှုပမာဏများမှာ နိုဝင်ဘာတွင် ဆက်လက်ကျဆင်းခဲ့သော်လည်း အရှိန်အဟုန်မှာ အားပျော့သွားသည်။ ကျဆင်းမှုကို ကုန်ကြမ်း ရှားပါးမှု၊ ဝန်ထမ်းရှားပါးမှုနှင့် လက်ရှိဖြစ်ပေါ်နေဆဲ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများနှင့် ဆက်စပ်နေကြောင်း ဖော်ပြကြသည်။

“ နိုဝင်ဘာလရဲ့PMI ဒေတာက မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်ရေး ကဏ္ဍအတွက် အားရစရာအချက်အချို့ ဖော်ပြခဲ့ပြီး ခေါင်းစီးအညွှန်းကိန်းဟာ ၁၀ လအတွင်း အမြင့်ဆုံး ၄၆ ဒသမ ၇ ကို တက်သွားပါတယ်။ ဒီလိုတိုးတက်လာရတဲ့အဓိက အကြောင်းရင်းက အော်ဒါသစ်တွေ ကျဆင်းမှုနှုန်း အားပျော့လာခြင်းကြောင့်ဖြစ်ပြီး လာမည့်လအနည်းငယ်အတွင်း ရောင်းအား စတက်လာမယ်လို့ အကြံပြုထားပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသည်။

ယင်းအချိန်အတောအတွင်း အော်ဒါအသစ်များရရှိမှု အနည်းငယ်ကျဆင်းလာခဲ့ရာ လက်ရှိ ၁၅ လကြာ ကျဆင်းမှုဖြစ်စဉ်ထဲတွင် အားအပျော့ဆုံးဖြစ်ပြီး စစ်တမ်း၏ရေရှည် ပျမ်းမျှထက် အားပျော့ခဲ့သည်။ လုပ်ငန်းလည်ပတ်မှုများ ပြန်စတင်မှုများရှိနေပြီး ပြန်လည်အရှိန်ရလာကြောင်း အစီရင်ခံမှုများလည်း ရှိနေသည်။

ဝယ်လိုအားအခြေအနေများ တိုးတက်လာနေကြောင်း လက္ခဏာများရှိခဲ့သော်လည်း စရိတ်စကများ၏ ဖိအားပေးမှုများကြောင့် ကုမ္ပဏီများအနေဖြင့် သွင်းကုန်များဝယ်ယူရန် လက်တွန့်နေကြသည်ဟု သိရသည်။

အလုပ်ခန့်အပ်မှုပမာဏများ နိုဝင်ဘာတွင် တစ်ဖန်ကျလာခဲ့ပြန်ရာ နောက်ဆုံး ၂၂ လ အတွင်း ၂၁ လတွင် အလုပ်နေရာဖြတ်တောက်ခံခဲ့ရကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

ထုတ်လုပ်ရေး တောင်းဆိုမှုများ နိမ့်ကျလာပြီး အလုပ်သမားများ ၎င်းတို့၏ နေရပ်များသို့ ပြန်သွားကြကြောင်း အစီရင်ခံမှုများ ရှိသော်လည်း ဖြေကြားသူအများစုက အလုပ်သမားများသည် လစာပိုကောင်းသည့် နေရာများကို ရှာဖွေရန် မိမိတို့ဆန္ဒအလျောက်အလုပ်မှ ထွက်နေကြခြင်းကို ထောက်ပြခဲ့ကြသည်။

ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့် သွင်းကုန်များရရှိနိုင်မှု ရှားပါးခြင်း ကြောင် ့နိုဝင်ဘာတွင် ပစ္စည်းပေးသွင်းမှုများ ရှေ့ဆက်ပြတ်တောက်ခဲ့သည်။ သွင်းကုန်များအတွက် ပျမ်းမျှပေးသွင်းမှုအချိန်ကာလများမှာ သိသာစွာ ကြာရှည်လာခဲ့သည်ဟု သိရသည်။

ယင်းအခြေအနေများကြောင့် ကုမ္ပဏီများအနေဖြင့် အထူးသဖြင့် ကျွမ်းကျင်လုပ်သားများနှင့် ကုန်ကြမ်းပစ္စည်းများကို ရှာဖွေရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ကျန်အလုပ်များ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

လက်ကျန်အလုပ်များ တိုးလာခဲ့သည့်နှုန်းမှာ စစ်တမ်း၏သမိုင်းထဲတွင် ဒုတိယအများဆုံးဖြစ်ပြီး အောက်တိုဘာတွင် မြင်တွေ့ခဲ့ရသည့်နှုန်းထားထက် ကျော်လွန်ခဲ့သည်။

သွင်းကုန်စရိတ်များမှာ ၁၄ လဆက်တိုက် မြင့်တက်လာခဲ့ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်များ၏ ဖိအားပေးမှုများမှာ နိုဝင်ဘာတွင် ဆက်လက်မြင့်တက်ခဲ့သည်။

၎င်းအခြေအနေများ တွေ့ကြုံခဲ့ရခြင်းမှာ ကုန်ကြမ်းရှားပါးမှုအပြင် ဆီစျေးနှုန်းနှင့် ပို့ဆောင်ခနှုန်းများ မြင့်တက်လာခြင်းနှင့် ဆက်စပ်နေကြောင်း ဖော်ပြထားသည်။

ထို့ပြင် ငွေလဲနှုန်းအဆင်မပြေမှုများကိုလည်း ထောက်ပြထားပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ အောက်တိုဘာမှစ၍ သိသိသာသာ အားပျော့သွားခဲ့သည်ဟု ဆိုသည်။ သွင်းကုန်စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကုမ္ပဏီများက မိမိတို့၏ ရောင်းစျေးများကို မြှင့်လာခဲ့ကြရသည်။

ထုတ်ကုန်စျေးနှုန်းများ ဖောင်းပွမှုနှုန်းမှာ သမိုင်းတစ်လျှောက် စံနှုန်းများအရ ပြင်းထန်ခဲ့သော်လည်း ယခုထက်အထိ ၂၀၂၁ ခုနှစ်အတွက် ပျမ်းမျှအတိုင်း ရှိနေကြောင်းလည်း ဖော်ပြထားသည်။

လာမည့် ၁၂ လဆီသို့ မျှော်မှန်းရာတွင်  ကုန်ထုတ်လုပ်သူတို့သည် ထုတ်လုပ်မှု တိုးလာမည်ဟု အကောင်းမြင်ကြကြောင်း၊ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် စီမံကိန်းများရှိနေကြ၍ ကုမ္ပဏီများ၏အကောင်းမြင်မှုမှာ ၁၀ လအတွင်း အမြင့်ဆုံးဖြစ်လာကြောင်းလည်း သိရသည်။

သို့သော်လည်း မြန်မာကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ နိုဝင်ဘာတွင် ၄၆ ဒသမ ၇ သို့ မြင့်တက်ခဲ့သည်။ အောက်တိုဘာတွင် မူ PMI အညွှန်းကိန်းမှာ ၄၃ ဒသမ ၃ သာ ရှိသည်။

Purchasing Manager’s Index (PMI) အညွှန်းအကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့် အညွှန်ကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်း မူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာ အုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း အနည်းငယ်မြင့်တက်လာခဲ့သော်လည်း PMI အညွှန်းကိန်း၏ အပြောင်းအလဲမရှိ  စံသတ်မှတ်ချက် အမှတ် ၅၀ ထက် နိမ့်ကျနေဆဲဖြစ်သည်။

“ လက်ရှိမှာ မူဝါဒချမှတ်သူတို့ ဟာ နောက်ဆုံးဒေတာကြောင့် အားတက်ကြမှာ မှန်သော်လည်း ဒေသအတွင်း ကုန်သွယ်ရေးအခြေအနေများ ခက်ထန်ပြီး စိုးရိမ်စရာတွေ ဆက်လက်ရှိနေဦးမှာ သေချာပါတယ်” ဟု စီးပွားရေးပညာရှင် Shreeya Patel က သုံးသပ်ပြောကြားခဲ့သည်။

နိုဝင်ဘာလအတွင်း အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံတစ်ခုတည်းသာ ကုန်ထုတ်လုပ်မှုများ ကျဆင်းခဲ့ပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှာ တိုးတက်မှု အများဆုံးဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည့် IHS Markit အာဆီယံထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို အာဆီယံ ဒေသတွင်းရှိ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာစသည့် ခုနစ်နိုင်ငံကို စစ်တမ်းအဓိကကောက်ယူခဲ့ခြင်းဖြစ်သည်။

“ အဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံတွင်သာ နိုဝင်ဘာလအတွင်း ကုန်ထုတ်လုပ်မှု အခြေအနေများ ကျဆင်းသွားခြင်းကို တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံ၏ ကျဆင်းမှုနှုန်းမှာ ဇန်နဝါရီလမှစပြီး အနည်းဆုံးသို့ လျော့ကျသွားခဲ့တယ်။ တခြားနိုင်ငံများတွင်မူ အဓိကအားဖြင့် တိုးတက်မှုကို ကျယ်ကျယ်ပြန့်ပြန့်တွေ့မြင်ရပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ကုန်ထုတ်လုပ်မှုအခြေအနေများ တိုးတက်မှုအများဆုံးနှုန်းကို ပြသခဲ့ပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသည်။

အာဆီယံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ နိုဝင်ဘာလ အတွင်း ၅၂ ဒသမ ၃ ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ၏ PMI အညွှန်းကိန်း ၅၃ ဒသမ ၉ ထက် အနည်းငယ် ကျဆင်းခဲ့သည်။

သို့သော်လည်း အဓိကအကျဆုံး PMI အညွှန်းကိန်း၏အပြောင်းအလဲမရှိ သတ်မှတ်အမှတ် ၅၀ အထက်တွင် ရှိနေခြင်းက နိုဝင်ဘာလတွင် နှစ်လဆက်တိုက်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

တိုးတက်မှုကို မြန်မာနိုင်ငံမှ အပ အာဆီယံအဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံတွင် တွေ့မြင်ခဲ့ရကြောင်း ဖော်ပြထားသည်။

လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးထိခိုက်နိုင်မှုများ၏ အတိုင်းအတာနှင့် အချိန်ကာလ ကြာမြင့်မှုအပေါ် ကြီးမားသည့် မရေရာမှုများရှိနေသည့် နည်းတူ ပိုမိုပြင်းထန်နိုင်သည့် ထိခိုက်နိုင်ခြေများ ရှိနေသေးသည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုများအရ နိုင်ငံတစ်ဝန်းရှိ ကုမ္ပဏီများ၏ လေးပုံသုံးပုံက ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ဒုတိယလှိုင်းရိုက်ခတ်ခံ ရသည့်ကာလထက် လက်ရှိနိုင်ငံရေး အပြောင်းအလဲနှင့်ဖြစ်စဉ်များကြောင့် ရင်ဆိုင်ရသည့် စီးပွားရေး ထိခိုက်ပျက်စီးမှုက ပိုမိုဆိုးရွားသည်ဟု  ဆိုကြကြောင်း၊ အနာဂတ်ကာလအပေါ် ကုမ္ပဏီများ၏ယုံကြည်မျှော်လင့်မှုမှာလည်း အလွန်အားနည်းကြောင်း တွေ့ရသဖြင့်  စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် မရေရာမှုများနှင့် စိုးရိမ်ပူပန်မှုများ ဆက်လက်တည်ရှိနေကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။

ကာလရှည် စီးပွားရေးမျှော်မှန်းချက်မှာမူ မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့်အကြောင်းခြင်းရာများသည် ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းခဲ့သော တိုးတက်မှုများကို ပျက်စီးသွားစေနိုင်ကြောင်း၊ စီးပွားရေးတိုးတက်မှုကို အခြေခံမောင်းနှင်သည့်အချက်များ ဖြစ်သည့် ရုပ်ဝတ္ထုအရင်းအနှီးများ၊ လူသားအရင်းအမြစ်နှင့် ကုန်ထုတ်လုပ် စွမ်းအားတို့အပေါ် ထိခိုက်စေခဲ့ခြင်းကြောင့် ယခုရင်ဆိုင်နေရသည့် နှစ်ထပ်ကွမ်း ထိခိုက်ပျက်စီးစေမှုသည် အနာဂတ်နှစ်ပေါင်းများစွာအထိ ဆက်လက်ရင်ဆိုင်ဖြေရှင်းနေရဦးမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ ခြုံပြီးပြောရရင် ဒေတာက တည်ငြိမ်ရေးဆီကို ရှေးရှုနေခြင်းကို ပြနေသော်လည်း ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါရဲ့ နိုင်ငံတကာအပေါ် သက်ရောက်မှုများက ထုတ်လုပ်မှုအပေါ် ဆက်ဖိစီးနေချိန်မှာ ပစ္စည်းပေးသွင်းမှု ပြဿနာများနဲ့ စရိတ်စကများမြင့်တက်လာမှုပါ ပြင်းထန်လာနေပါတယ်။ ဒါ့ပြင် ကုန်ကြမ်းနဲ့ ဝန်ထမ်းပါ ရှားပါးမှုများရှိနေကြောင်း ခိုင်လုံတဲ့အစီရင်ခံမှုများ ရှိနေပြီး ကဏ္ဍအနေနဲ့ ထုတ်လုပ်မှု တိုးလာဖို့ အားထုတ်ရာမှာ ရှေ့ဆက်ကျော်လွှားရမယ့် အခက်အခဲများ ရှိနေတယ်လို့ အကြံပြုထားပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသည်။

Most Read

Most Recent