ခံစားခွင့် လိပ်ပြာများ

ခံစားခွင့် လိပ်ပြာများ
Published 3 December 2021
မောင်အေးကို (ပေါင်းတလည်)

(၁)တစ်ရက် အလုပ်ကိစ္စ ခရီးသွားစရာရှိ သဖြင့် ကားလက်မှတ် ကြိုတင်ဝယ်ယူနိုင်ရေး အတွက် အဝေးပြေးကားဝင်းသို့ ရောက်ရှိခဲ့ သည်။ ကားလက်မှတ် ဝယ်ယူရရှိရေးဆိုသည့် အချက်ကိုတော့ သာမန်ကိစ္စတစ်ခုအဖြစ်သာ ခပ်ပေါ့ပေါ့ တွက်ဆထားခဲ့မိသည်။ တကယ် တမ်းကျတော့ မျှော်လင့်ထားသလိုမဟုတ်။

ကားဂိတ်ငါးခုခန့်အထိ ဝင်လိုက်ထွက် လိုက် ကြိုးစားကြည့်သည့်တိုင် လက်မှတ်ရ ရေး မျှော်လင့်ချက်က ဝေ၀ါးနေဆဲဖြစ်သည်။ နောက်ဆုံး ကားဂိတ်တစ်ခု ဝင်မေးချိန်တွင်တော့ လက်မှတ်အရောင်းစာရေးမလေးက ညည်းညည်းတွားတွား စကားဆိုသည်။

“ပိတ်ရက်ဆိုတော့ ဝန်ထမ်းတွေက သူတို့မိသားစုဆီ ပြန်ကြတာလေ ဦးရဲ့။ အဲဒီတော့ ကားလက်မှတ်ရဖို့ဆိုတာ ထင်သလောက် မလွယ်တာအမှန်ပဲ။ ဒါပေမဲ့ ဦး ကံကောင်းတယ်ပြောရမယ် ထင်တယ်။ နောက်ဆုံးဘက် ခုံတန်းနှစ်တန်းတော့ လွတ်နေသေး တယ်”

ကျွန်တော် ခေါင်းကုတ်ရပြီ။ ကျွန်တော် အဝေးပြေးကားစီးပြီဆိုလျှင် နောက်ပိုင်းထက် ရှေ့ပိုင်းထိုင်ခုံရရေးကိုသာ ကြိုးစားလေ့ရှိသည်။ ကားနောက်ပိုင်းသည် ရှေ့ပိုင်းထက် အဝေ့အဝဲ အလူးအလွန့် ပိုများသလို စီးမိ သည့်အခါတိုင်း ခေါင်းမူးသည့်ဒဏ်ကို အမြဲ လိုလို ခံစားရလေ့ရှိသည်။ ထို့အတွက် ခရီး သွားသည့်အခါတိုင်း ကားနောက်ပိုင်းကို ရှောင်နိုင်သမျှ ရှောင်တတ်သည်။

သို့သော် လက်ရှိအနေအထားက အလုပ်ကိစ္စအတွက် မသွားမဖြစ်အခြေအနေမို့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစား ပေးရတော့မည်ဖြစ်သည်။

“ဒါဆိုလည်း နောက်ဆုံးတန်းရဲ့ရှေ့က ခုံကို ပေးကွယ်။ နှစ်ယောက်တွဲထိုင်ခုံဆိုတော့ အင်း ဖြစ်နိုင်ရင် မိန်းကလေးနဲ့ ကပ်မထိုင်ချင် ဘူး။ ဦးဘေးက ထိုင်ခုံကို ယောကျ်ားလေးကိုပဲ ရောင်းပေးပါသမီး”

ကျွန်တော့်စကားကိုကြားတော့ အရောင်းစာရေးမလေးက မျက်နှာတစ်ချက်ရှုံ့ ပြီး အားနာသလိုကြည့်သည်။

“အဲ အားတော့ နာပါတယ်ဦးရယ်။ သမီးတို့က လက်မှတ်ကို အဆင်ပြေသလို ရောင်းရ တာဆိုတော့ မိန်းကလေး၊ ယောကျ်ားလေး ခွဲလို့မရဘူး။ ဒါနဲ့ ဦးက မိန်းကလေးနဲ့ ကပ်ထိုင်ရတာ အဆင်မပြေလို့လား”

“အဆင်မပြေတာတော့ မဟုတ်ပါဘူး သမီးရယ်။ ဦးက ကားစီးရင် အိပ်ပျော်သွား တတ်လို့ပါ။ ပြီးတော့ ဟောက်လည်း ဟောက် တတ်သေးတယ်။ အဲဒါကြောင့် ယောကျ်ားသားချင်း ကပ်ထိုင်ရရင် ပြဿနာသိပ်မဟုတ် ပေမဲ့ မိန်းကလေးဆိုတော့ အားနာလို့လေ”

ကောင်မလေးက ကျွန်တော့်ကို ပြုံးပြုံး ကြီးစိုက်ကြည့်ကာ စကားတစ်ခွန်းဆိုလေ၏။

“ဒါများဦးရယ်။ ဘာခက်တာမှတ်လို့။ နှစ်ခုံတွဲ ဝယ်လိုက်လေ။ ဘယ်သူ့ကိုမှလည်း အားမနာရတော့ဘူး။ ခုံနှစ်ခုံပေါ်မှာ ထိုင်ပြီး တော့ပဲ လိုက်လိုက်၊ အိပ်ပြီးတော့ပဲ လိုက် လိုက်၊ ကြိုက်သလိုနေ၊ ကြိုက်သလောက် ဟောက်၊ ဘယ်သူ့ကိုမှ အားနာစရာမရှိတော့ ဘူး”

(၂)ကျွန်တော် စဉ်းစားကြည့်သည်။ အကယ်၍ ကျွန်တော် တစ်ယောက်တည်း နှစ်ခုံတွဲဝယ် ၍ ခရီးဝေးသွားမည်ဆိုပါစို့။ ပထမဆုံး ကားခ နှစ်ဆကုန်မည်။ ပြဿနာမရှိ။ သည်လောက် တော့ ကျွန်တော်တတ်နိုင်သည်။ တစ်ယောက်တည်း နှစ်ယောက်စာနေရာရသဖြင့် လွတ်လွတ်လပ်လပ် ထိုင်မည်။ ညောင်းညာလာ လျှင် လဲလျောင်းမည်။ ငိုက်တတ်သူမို့ ငိုက် မည်ဆိုလျှင်လည်း ကားအလှုပ်တွင် ဦးခေါင်း ဘယ်ညာ အတိမ်းအစောင်း ဖြစ်မည်။ သို့သော် ကပ်လျက်အနေအထားတွင် လူမရှိ သောကြောင့် မည်သူ့ကိုမျှ အားနာစရာမရှိနိုင်။

ထို့ထက် လေးလံထိုင်းမှိုင်းလာပြီဆိုလျှင် အိပ်စက်မည်။ ငုတ်တုတ်ပင်အိပ်အိပ်၊ လျောင်း ၍ပင် အိပ်အိပ်။ အိပ်ပျော်သွားပြီဆိုလျှင် လည်း ထုံးစံအတိုင်း တခူးခူးတခေါခေါ ဟောက်မိသည့်အခါ ရှေ့ခုံ၊ နောက်ခုံ၊ လျှောက် လမ်းအကျော် ဘေးခုံများက ခရီးသည်များ ကြားနိုင်သည်။ သို့သော် ကပ်လျက်ဟောက် ခြင်းမဟုတ်သဖြင့် ထင်သလောက်တော့ အားနာစရာ မရှိ။ 

ဤသို့ဆိုလျှင် တစ်ယောက်တည်း နှစ်ခုံ တွဲဝယ်၍ ခရီးဝေးသွားခြင်းက တစ်ခုံတည်း ဝယ်ခြင်းထက်တော့ အဆင်ပြေမည်မှာ အမှန်ပင်။

(၃)ကျွန်တော့် ထပ်တွေးကြည့်မိသည်။ အကယ်၍ ကျွန်တော်စီးမည့်ကားသည် အလယ် ခုံရှိသော ကားဖြစ်နေသည်ဆိုပါစို့။ အလယ်ခုံ ဟူသည်က မချစ်သော်လည်း အောင့်ကာနမ်း ရသည့် နေရာမျိုး။ အများတကာ အဝင်အထွက် ပြုလုပ်သည့် လျှောက်လမ်းတည့်တည့် ထက်တွင် ကျောမှီ၍မရ၊ ထိုင်ထမလွယ်သည့် အဖြစ်သဘော ဖွဲ့တည်ထားသော နေရာတစ် ခု။ တစ်နည်းအားဖြင့် အဆင်မပြေမှုအပေါင်း သရဖူဆောင်းထားသည့် နေရာတစ်ခု။ အဆိုပါ အလယ်ထိုင်ခုံများပေါ်တွင် သက်ကြီးရွယ် အိုများ၊ နာမကျန်းသူများ၊ ကိုယ်ဝန်သည်များ၊ ကလေး အမေများ … စသဖြင့် လိုက်ပါ စီးနင်းနေကြသည်ဆိုပါစို့။

          ကျွန်တော့်ထိုင်ခုံဘေးရှိ အလယ်ခုံတွင် လည်း သက်ကြီးရွယ်အိုတစ်ယောက် ထိုင်နေသည်ဆိုပါစို့။ ထိုအခြေအနေများနှင့် တွေ့ကြုံ ရပြီဆိုလျှင် တစ်ယောက်တည်း ထိုင်ခုံနှစ်ခုံ တွဲဝယ်ယူကာ စိတ်ရှိလက်ရှိ ဇိမ်ကျအိပ်စက် နေမည့် ကျွန်တော့်အတွက်  အမှန်တကယ် စိတ်ချမ်းသာဖွယ်ကောင်းသည့် ခရီးစဉ်တစ်ခု ဖြစ်ပြီဟု တပ်အပ်သေချာပြောနိုင်ပါမည်လား။

(၄)လူရယ်လို့ ဖြစ်လာပြီဆိုလျှင် အတ္တကို ရှေ့တန်းတင်တတ်သည်မှာ ဓမ္မတာတစ်ခု ပင်။  ထို့ကြောင့်လည်း လူအများစုက သူ တစ်ပါးအဆင်ပြေခြင်း၊ မပြေခြင်းထက် မိမိ အဆင်ပြေရေးကိုသာ အရင်ဆုံး ဦးစားပေး တွေးခေါ်၊ ပြောဆို၊ ပြုမူ ဆောင်ရွက်တတ် ကြခြင်းဖြစ်သည်။ ချို့ယွင်းချက်ရှိတတ်သော်လည်း အများစုကတော့ မိမိအဆင်ပြေမှသာ သူတစ်ပါးအကျိုးဆောင်ရွက်ဖို့ အသိသတိ ဝင်တတ်လေ့ရှိကြသည်။ မိမိမှ အဆင်မပြေ ဘူးဆိုလျှင်ဖြင့် သူတစ်ပါးအကျိုး ဆောင်ရွက်နိုင်ရေးဆိုသည်မှာ အငိုလွယ်သလောက် အရှိုက်ခက်သည့်ကိစ္စ ဖြစ်သည်။

မိမိအဆင်ပြေရေး ဆောင်ရွက်သည် ဆိုရာ၌ အချို့က ကိုယ့်အားကိုယ်ကိုးတတ် ကြသလို အချို့ကတော့ သူတစ်ပါးအကူအညီ ကို ရယူတတ်ကြသည်။ သူတစ်ပါးအကူအညီ ကို ရယူရာတွင်လည်း အချို့က ရိုးသား၊ သန့် ရှင်းတတ်ကြသလို အချို့ကတော့ လှည့်ဖြား၊ ကျော်လွှားတတ်ကြသည်။

အဝေးပြေးကားတစ်စီးပေါ်တွင် တစ် ယောက်တည်း လက်မှတ်နှစ်စောင်၊ ထိုင်ခုံ နှစ်ခုံ တွဲဝယ်၍ ခရီးစဉ်တစ်ခုလုံး လွတ်လွတ်လပ်လပ် လိုက်ပါစီးနင်းခြင်းသည် မည်သူ့ကို ထိခိုက်နိုင်သနည်း။ မိမိကိုယ်မိမိ ထိခိုက်နိုင် သလော၊ အခြားသူများကို ထိခိုက်နိုင်သလော။ သေချာတွေးကြည့်မည်ဆိုလျှင် မိမိ ကိုယ်မိမိ မထိခိုက်သလို အခြားသူများကို လည်း မထိခိုက်သည်မှာ အမှန်ပင်ဖြစ်သည်။  သို့သော် …။

(၅)ကျွန်တော်တို့ပတ်ဝန်းကျင်တွင် အဆင်ပြေသူများရှိသလို အဆင်မပြေသူများလည်း ရှိနိုင်သည်။ လွယ်ကူစွာ အောင်မြင်နေသူများ ရှိနေသလို ခက်ခဲစွာ ကျရှုံးနေသူများလည်း ရှိနိုင်သည်။

လက်ဖျောက်တစ်ချက် တီးလိုက်ရုံမျှဖြင့်  လိုတိုင်းတရနိုင်သူများ ရှိနေနိုင်သလို နဖူးက ချွေး ခြေမကျအောင် ရုန်းကန်နေရသည့် နေ့ ဖို့ညစာ မလုံလောက်သူများလည်း ရှိနိုင်သည်။ လောကဓံတရား ရှစ်ပါးကိုတော့မည် သူမဆို ခံစားရင်ဆိုင်ရစမြဲဖြစ်သည်။

ထို့အတွက် လူတန်းစားအလွှာဆိုသည် မှာလည်း ကွာဟမြဲ ကွာဟနေဦးမည်သာဖြစ် သည်။ လောကသဘာဝမို့ အဆိုပါ အခြေ အနေမျိုးရှိနေသည်မှာ သိပ်ပြီး ထူးဆန်းလှ သည်တော့မဟုတ်။ ထူးဆန်းအရေးကြီးသည် က အဆိုပါလူတန်းစားနှစ်ရပ် မည်ကဲ့သို့ အပြန်အလှန် ဆက်ဆံကြသနည်းဆိုသော အချက်။ 

(၆)အချို့က လက်ညှိုးညွန်ရာရေဖြစ်ပြီး အစစအရာ အဆင်ပြေလာပြီဆိုလျှင် “ငါက လွဲရင် အားလုံး ဖွဲနဲ့ဆန်ကွဲချည်းပဲ”ဆိုသည့် စိတ်မျိုး ဝင်လာတတ်ကြသည်။ အချို့က လည်း လုပ်တိုင်းမဖြစ် ထင်တိုင်းမပေါက် စိတ် ရိုင်းဖောက်လာပြီဆိုလျှင် “ဝက်သားနဲ့ ငါးပိ ချက် လဲပစ်မယ်”ဆိုသည့်စိတ်မျိုး ဝင်လာ တတ်ကြသည်။

ဆက်စပ် တွေးတောကြည့်မည်ဆိုလျှင် မြင့်မားသူတို့ဘက်က စာနာကူညီစိတ် ခေါင်း ပါးနေမည်ဆိုလျှင် နိမ့်ပါးသူတို့ဘက်ကလည်း အဆိုးမြင်စိတ် ကြီးထွားလာမည် အမှန်။

ထို့အတူ နိမ့်ပါးသူတို့ဘက်က အဆိုး မြင်စိတ် ကြီးထွားနေမည်ဆိုလျှင် မြင့်မားသူ တို့ဘက်ကလည်း စာနာကူညီစိတ် ခေါင်းပါး နေမည်မှာ ဧကန်။

မည်သို့ဆိုစေ မိမိကိုယ်ပိုင်ငွေဖြင့်ဝယ် ယူထားသော ဟမ်ဘာဂါတစ်ခုကို “ကိုယ့်ရှိ လို့ကိုယ်စားတာ ဘာဖြစ်သလဲ”ဆိုသည့် သဘောဖြင့်  တောင်းရမ်း စားသောက်နေသူ တစ်ဦးရှေ့ မျက်နှာပြောင်တိုက် စားသောက် ပြသင့်ပါသလား။ 

ထို့အတူ မိမိဘက်က လျှောက်တိုင်း မရောက်၊ ထင်တိုင်း မပေါက်သည့်အခါတိုင်း “အဆင်ပြေ အောင်မြင်နေ သူမှန်သမျှ အတ္တ သမားတွေချည်းပဲ”ဆိုသည့်စိတ်မျိုး မွေးမြူ သင့်ပါသလား။

သေချာသည့်အချက်မှာ ကောင်းကျိုး အဖြာဖြာ မျှော်လင့်ပိုင်ဆိုင်လိုပါက မိမိကိုယ်တိုင် အကောင်းဘက်သို့ ဦးတည်အားထုတ်ရန် အရေးကြီးသလို သူတစ်ပါး၏ ကောင်းသော အသီးအပွင့်များအပေါ်တွင်လည်း မုဒိတာ ပွားနိုင်ဖို့ အထူးလိုအပ်လိမ့်မည်ထင်သည်။ 

(၇)သေချာစမ်းစစ်ကြည့်မည်ဆိုလျှင် ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ခရီးသွားလက်မှတ် ဝယ်ယူခွင့်ရဖို့အရေး အပင်ပန်းခံ တန်းစီ စောင့်ဆိုင်းသူနေများ မရေနိုင်မတွက်နိုင် အောင်ရှိနေဆဲ ဖြစ်သည်။  

သည်လိုနှင့် တစ်ခါတစ်ရံတွင် ခရီးသွား လက်မှတ် အဝယ်မှန်ပြီး နှစ်လိုဖွယ်နေရာ ကောင်းတစ်ခုမှာ အေးချမ်းသာယာ လိုက်ပါ စီးနင်းရခြင်းမျိုး ကြုံတွေ့ကောင်း ကြုံတွေ့ရ နိုင်သလို တစ်ခါတစ်ရံတွင်တော့ ခရီးသွား လက်မှတ်အဝယ်မှားပြီး မနှစ်မြို့ဖွယ် နေရာ ဆိုးတစ်ခုမှာ ကိုယ်စိတ်ပင်ပန်းကြီးစွာ လိုက် ပါစီးနင်းရခြင်းမျိုးလည်း ကြုံတွေ့ကောင်းကြုံ တွေ့ရနိုင်သည်။

မည်သည့်အခြေအနေမျိုးနှင့် ကြုံတွေ့ ရသည်ဖြစ်စေ ထိုအခြေအနေမှန်သမျှသည် မိမိပြုသည့်အကြောင်းတရားများမှ ထွက်ပေါ်လာသော အကျိုးတရားများသာ ဖြစ်သည်။ အဆိုပါ အကျိုးတရားများကို “မည်သို့ ရယူ ခံစား ကျင့်သုံးနေထိုင်ပြုမူမည်လဲ”ဆိုသည့် အချက်တော့ မိမိလိပ်ပြာ၊ မိမိသိက္ခာအပေါ် တွင်သာ တည်မှီနေမည်ဖြစ်သည်။

Most Read

Most Recent