ပြီးခဲ့သည့်တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု ဂျာမနီတွင် ရာခိုင်နှုန်း ၅၀ နှင့် အမေရိကန်တွင် ရှစ်ရာခိုင်နှုန်း အသီးသီးမြင့်တက်

ပြီးခဲ့သည့်တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု ဂျာမနီတွင် ရာခိုင်နှုန်း ၅၀ နှင့် အမေရိကန်တွင် ရှစ်ရာခိုင်နှုန်း အသီးသီးမြင့်တက်
နိုဝင်ဘာ ၁၆ ရက်က ဂျာမနီနိုင်ငံ ဖရီးဘာ့ဂျ်မြို့ရှိ Pfizer ၏ ဓာတ်ခွဲခန်းတွင် စမ်းသပ်ဆဲ COVID-19 ဗိုင်းရပ်စ်သတ်ဆေးကို တွေ့ရစဉ် (Photo: AFP)
နိုဝင်ဘာ ၁၆ ရက်က ဂျာမနီနိုင်ငံ ဖရီးဘာ့ဂျ်မြို့ရှိ Pfizer ၏ ဓာတ်ခွဲခန်းတွင် စမ်းသပ်ဆဲ COVID-19 ဗိုင်းရပ်စ်သတ်ဆေးကို တွေ့ရစဉ် (Photo: AFP)
Published 21 November 2021

ပြီးခဲ့သည့် တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု ဂျာမနီနိုင်ငံတွင် ရာခိုင်နှုန်း ၅၀ နှင့် အမေရိကန်နိုင်ငံတွင် ရှစ်ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှု ရုရှားနိုင်ငံနှင့် UK တို့တွင် ဖြစ်ပွားမှု မမြင့်တက်ခဲ့သော်လည်း ယခင်အပတ်နည်းတူ ဖြစ်ပွားလျက်ရှိပြီး တူရကီနိုင်ငံတွင်ဖြစ်ပွားမှု ကိုးရာခိုင်နှုန်းလျော့ကျကာ ဂျာမနီနှင့် အမေရိကန်နိုင်ငံတို့တွင် အသီးသီးမြင့်တက်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် လတ်တလော ကပ်ရောဂါအတွက် လည်းကောင်း၊ နောင်တွင် ဖြစ်လာနိုင်သည့် ကပ်ရောဂါအတွက်လည်းကောင်း တစ်နှစ်လျှင် နောက်ထပ် mRNA ကာကွယ်ဆေး တစ်ဘီလျံကို ၂၀၂၂ ခုနှစ်မှစတင်ကာ ထုတ်လုပ်သွားချင်သည်ဟု နိုဝင်ဘာ ၁၇ ရက်တွင် တာဝန်ရှိသူက ဆိုသည်။

“ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ တစ်နှစ်ကို ကာကွယ်ဆေး တစ်ဘီလျံထုတ်လုပ်ပြီး လက်ရှိပမာဏကို တိုးသွားဖို့ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ ထုတ်လုပ်မှုစတင်မှာ ဖြစ်ပါတယ်” ဟု အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတုံ့ပြန်ရေး စေ့စပ်ညှိနှိုင်းရေးသမား ဂျက်ဖ်ဇီးယန့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါရည်မှန်းချက်သို့ ရောက်ရှိရန် အမေရိကန်ကျန်းမာရေးဌာနသည် ထုတ်လုပ်မှုပမာဏကို တိုးမြှင့်နိုင်သည့် mRNA ကာကွယ်ဆေး ထုတ်လုပ်မှု အတွေ့အကြုံရှိ ကုမ္ပဏီများ၏ စိတ်ဝင်စားမှုကို တောင်းခံနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် ပြည်သူများအတွက် ကာကွယ်ဆေးများ ထပ်မံပံ့ပိုးပေးမည့် ဤအစီအစဉ်သည် အမေရိကန်က အခြားနိုင်ငံများကို ကူညီခွင့်လည်းရရှိစေမည့် အစီအစဉ်ဖြစ်သည်ဟု ဇီးယန့်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၇ ရက်အထိ အမေရိကန် ပြည်ထောင်စုသည် နိုင်ငံ ၁၁၀ သို့ ကာကွယ်ဆေး သန်း ၂၅၀ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ရာ ထိုပမာဏသည် အခြားသောနိုင်ငံများ စုပေါင်းပေးပို့ထားသည့်ပမာဏထက် ပိုများသည်ဟု ၎င်းကပြောကြားခဲ့သည်။

“နောက်မှာဖြစ်လာနိုင်တဲ့ ကပ်ရောဂါကို အမျိုးအမည်ထုတ်ဖော်ပြီး ခြောက်လကနေ ကိုးလအတွင်းမှာ ကျွန်တော်တို့ ကာကွယ်ဆေးတွေ ထုတ်ရာမှာ ဒီအစီအစဉ်က အကူအညီပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

နွေရာသီကတည်းက လူကြိုက်များမှု ကျဆင်းနေသော သမ္မတဂျိုးဘိုင်ဒင်သည် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆန္ဒရှိနေသည်။ ဘိုင်ဒင်သည် COVID-19 ကုသဆေး ဖြစ်သည့် antiviral ဆေး ၁၀ သန်းကို ဝယ်ယူရန် မကြာခင်ထုတ်ပြန်ကြေညာမည်ဟု မီဒီယာသတင်းများအရ သိရသည်။

သေဆုံးသူ ၇၆၀၀၀၀ ရှိနေခြင်းနှင့်အတူ ကမ္ဘာပေါ်က အခြားသောနိုင်ငံများထက် လူ့အသက်ဆုံးရှုံးမှု ပိုမိုများပြားနေသော အမေရိကန်ပြည်ထောင်စုသည် ခုနစ်ရက်အတွင်း တစ်ရက်လျှင် ပျမ်းမျှသေဆုံးသူ ၁၀၀၀ ကျော် ဆက်လက်ရှိနေသည်ဟု ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန (CDC) က ပြောကြားခဲ့သည်။

အမေရိကန်ဆေးဝါးကုမ္ပဏီ Novavax သည် ဥရောပသမဂ္ဂအတွင်း ၎င်း၏ကာကွယ်ဆေးကို အသုံးပြုရေးအတွက် ခွင့်ပြုချက် လျှောက်ထားခဲ့သည်ဟု ဥရောပဆေးဝါးထိန်းချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။

ခွင့်ပြုချက်ရမည်ဆိုပါက ယင်းကာကွယ်ဆေးသည် ဥရောပသမဂ္ဂအတွင်း အသုံးပြုရန် တရားဝင်ခွင့်ပြုချက်ရရှိသော ပဥ္စမမြောက်ကာကွယ်ဆေး ဖြစ်လာမည်ဖြစ်သည်။ ဥရောပသမဂ္ဂ၌ ကာကွယ်ဆေးလေးမျိုးကို အတည်ပြုထားရာ အဆိုပါကာကွယ်ဆေးများမှာ BioNTech ၊ Pfizer ၊ AstraZeneca ၊ Moderna ၊ Johnson & Johnson တို့၏ ကာကွယ်ဆေးများ ဖြစ်သည်။

Most Read

Most Recent