အာဖဂန်နစ္စတန်နိုင်ငံရှိ အသက် ၂၁ နှစ်အရွယ် မက်ဒီနာအမည်ရှိ အမျိုးသမီးသည် စိတ်ကူးယဉ်ထားသည့် အိပ်မက်တစ်ခုရှိနေပြီး လက်ရှိတွင် သတင်းထောက်အဖြစ် အသက်မွေးနေကာ ၎င်းရရှိသည့် ဝင်ငွေသည် သူ့မိသားစုအတွက် အလွန်အရေးပါခဲ့သည်။
သို့သော် တာလီဘန်တို့ အာဖဂန်၏အာဏာကို ထိန်းချုပ်ခဲ့ပြီးချိန်၌ အခြားအာဖဂန်နစ္စတန်ရှိ အမျိုးသမီးများကဲ့သို့ မက်ဒီနာသည် အလုပ်မလုပ်ကိုင်နိုင်တော့သည့်အပြင် ၎င်း၏လုပ်အားခကို မှီခိုနေရသည့် သူ့မိသားစုဝင်များမှာလည်း အခက်ကြုံတွေ့ခဲ့ရသည်။
တာလီဘန်တို့ကြောင့် မက်ဒီနာသည် နေအိမ်အတွင်း၌ ပိတ်မိနေခဲ့ပြီး ၎င်းမိသားစုအနေဖြင့် အိမ်လခပေးရန်နှင့် နွေဦးမတိုင်မီ ၎င်းတို့အိမ်အတွက် ထင်းဝယ်ယူရန် အခက်အခဲကို မည်သို့မည်ပုံ ဖြေရှင်းရန်တွေးတော ကြံဆနေလေသည်။
“ကျွန်မတို့ရဲ့ ရှေ့အနာဂတ်တွေက အမှောင်ဖုံးသွားပါပြီ” ဟု မက်ဒီနာက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လအနည်းငယ်က မက်ဒီနာသည် အမေရိကန်တို့ ရန်ပုံငွေချပေးထားသည့် ရေဒီယိုဌာန၌ အလုပ်လုပ်ကိုင်ခဲ့သည်။ ၎င်း၏အိပ်မက်မှာ ရုပ်မြင်သံကြားတွင် သတင်းတင်ဆက်သူတစ်ဦး ဖြစ်ချင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် စိတ်ကူးထားသည်။
လက်ရှိအချိန်တွင်မူ မက်ဒီနာအလုပ်လုပ်ကိုင်နေသည့် ရေဒီယိုဌာနမှာ ရပ်နားသွားခဲ့ပြီး အလုပ်သစ်တစ်ခုရှာဖွေမှုသည်လည်း အချည်းနှီးသာ ဖြစ်နေလိမ့်မည်ဖြစ်သည်။ တာလီဘန်တို့ သြဂုတ်လက အနောက်နိုင်ငံများက ကျောထောက်နောက်ခံ ပြုထားသည့်အာဖဂန်အစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ကျန်းမာရေးနှင့်ပညာရေးကဲ့သို့ အထူးကဏ္ဍများမှလွဲ၍ အမျိုးသမီးအနည်းငယ်သာ အလုပ်အကိုင်ရှိကြသည်။
လွန်ခဲ့သည့်နှစ် ယခင်အစိုးရလက်ထက်က အစိုးရဝန်ထမ်းများ၏ ၂၇ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများ ဖြစ်သည်။ လက်ရှိအချိန်တွင်မူ တာလီဘန်တို့သည် နောက်ထပ်သတိပေးချက် မထုတ်ပြန်ခင်အချိန်အထိ အမျိုးသမီးများကို နေအိမ်တွင်သာ နေထိုင်ကြရန် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် မိသားစုဝင်အများစုသည် ၎င်းတို့ဝင်ငွေ၏ သိသာသည့် တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးခဲ့ရပြီး အာဖဂန်နစ္စတန်သည် ကမ္ဘာ့အဆိုးဆုံးလူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသည်။
ယခုဆောင်းရာသီအတွင်း အာဖဂန်နိုင်ငံသား ၂၂ သန်းကျော်သည် အစားအစာ မလုံလောက်မှုကို ကြုံတွေ့ရလိမ့်မည် ဖြစ်ကြောင်း၊ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးခေါင်မှုသည် တာလီဘန်တို့ အာဏာထိန်းသိမ်းမှုကြောင့် ဖရိုဖရဲဖြစ်နေသည့် အာဖဂန်နစ္စတန်အတွက် နောက်ထပ်အနှောင့်အယှက်တစ်ခု ဖြစ်လာခဲ့သည်။
မိသားစုနှင့်အတူနေထိုင်သည့် မက်ဒီနာသည် အကြီးဆုံးဖြစ်ပြီးမွေးချင်း ညီမလေးလေးယောက်နှင့် မောင်လေးနှစ်ယောက်ရှိသည်။၎င်းတို့မိသားစုမှာ မက်ဒီနာနှင့်ဖခင်ဖြစ်သူတို့၏ ဝင်ငွေဖြင့်ရပ်တည်နေရသည်။
“ကျွန်မအိမ်ငှားခကို ပေးရပါတယ်။ ကျွန်မမှာအလုပ်ရှိတုန်းကတော့ မိသားစုရဲ့လိုအပ်ချက်လေးတွေကို ဖြည့်ပေးလို့ရတယ်။ဒါပေမဲ့ အခုတော့ ဆန်တို့၊ဂျုံတို့လို အခြေခံအစားအစာတွေလောက်ပဲ ဝယ်နိုင်တော့တယ်။ဆောင်းရာသီမှာ အပူပေးနိုင်ဖို့ မီးသွေးတို့၊ ထင်းတို့မဝယ်နိုင်တော့ဘူး။ ဒီလိုအခက်အခဲတွေဟာ ကျွန်မကိုအရမ်းနာကျင် ဝမ်းနည်းစေပါတယ်” ဟု မက်ဒီနာက ပြောကြားခဲ့သည်။
မိုင်းတွင်းနှင့် ရေနံလုပ်ငန်းဝန်ကြီးဌာနတွင် အလုပ်လုပ်ကိုင်နေသည့် ရာဘီယာ (အမည်လွှဲ) ဆိုသူ အမျိုးသမီးသည် သြဂုတ် ၁၅ ရက်က တာလီဘန်တို့ ကဘူးလ်မြို့တော်သို့ ဝင်ရောက်လာချိန်၌ ၎င်း၏ရုံးခန်းထဲမှ အလျင်အမြန်ထွက်ခွာခဲ့ရသည်။ ၎င်း၏လုပ်ဖော်ကိုင်ဖက် အမျိုးသားများမှာ လုပ်ငန်းခွင်သို့ ပြန်လာနိုင်ကြသော်လည်း ၎င်းမှာမူပြန်လည် လုပ်ကိုင်နိုင်ခြင်းမရှိပေ။
“ကျွန်မအိမ်မှာအကျဉ်းကျနေသလို ခံစားနေရပါတယ်” ဟု အသက် ၂၅ နှစ်အရွယ် ရာဘီယာက ဆိုသည်။
မိသားစု၏ တစ်ခုတည်းသော ဝင်ငွေအတွက် အားထားရာဖြစ်နေသည့် လိုင်လာ(အမည်လွှဲ) သည် ယခင်က အာဖဂန်မိသားစုတစ်စုထံတွင် သန့်ရှင်းရေးအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။တာလီဘန်တို့ အာဏာထိန်းချုပ်ခဲ့ပြီးနောက် ၎င်း၏အလုပ်ရှင်မိသားစုသည် ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ လက်ရှိအချိန်တွင် သူသည်ကဘူးလ်စျေးတစ်နေရာတွင် အမျိုးသားများအကြား ပိုက်ဆံလိုက်လံ တောင်းခံနေရသည်။
“ကျွန်မမှာထောက်ပံ့ဖို့ ကလေးခြောက်ယောက် ရှိပါတယ်။ ဒီလို ပိုက်ဆံလိုက်တောင်းတာ ဘဝမှာပထမဆုံးအကြိမ်ပါ။ ကျွန်မအရမ်းရှက်မိပါတယ်” ဟု အသက် ၄၃ နှစ်အရွယ် လိုင်လာက ဆိုသည်။
မက်ဒီနာ၊ ရာဘီယာနှင့်လိုင်လာတို့မှာ နေ့စဉ်နေ့တိုင်း ငိုကြွေးနေပြီး စိတ်ဓာတ်ကျဆင်းနေကြောင်း ဝန်ခံပြောကြားခဲ့ကြသည်။
“ဒီလိုအခြေအနေမျိုးမှာ ပင်ပန်းဆင်းရဲနေရတာဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး” ဟု ၎င်းတို့သုံးဦးက လက်ရှိကြုံတွေ့နေရသည့် အခြေအနေနှင့်ပတ်သက်၍ အားပေးစကားပြောကြားခဲ့သည်။














