ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် နမ့်ပန်ရွာ ကျေးရွာသွား မြေ လမ်းမပေါ်၌ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ခရီးသည်တင်ယာဉ်မောင်းအား ဓားဖြင့်ထိုး၍ ကားလုယူမှု ဖြစ်ပွားခဲ့ရာ ယာဉ် မောင်းသေဆုံးခဲ့ကြောင်း သိရှိရသည်။
မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် နန်းတော် ဂိတ်အနီးရှိ မူဆယ် နမ့်ခမ်း ကားဂိတ်မှ အသက် ၅၄ နှစ်အရွယ် ခရီးသည်တင် Toyota Wish ကားအဖြူရောင် ယာဉ်မောင်း ကိုမြအေးအား ယခင်သွားနေကျ ခရီးကိုလိုက်ပို့ရန်ခေါ်ဆောင်ရာမှ လိုက်ပို့ပေး ခဲ့စဉ် အသတ်ခံရခြင်းဖြစ်ကြောင်း မူဆယ် နမ့်ခမ်း ခရီးသည်ဂိတ်မှ လုပ်ဖော်ကိုင်ဖက် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နေရာသည် ပုံမှန်ကား ဂိတ်ဆွဲရာ မူဆယ် နမ့်ခမ်းလမ်းပေါ်တွင်ဖြစ် ပွားခြင်းမဟုတ်ဘဲ မူဆယ်မြို့မှ ၄ မိုင်ခန့်အကွာ မူဆယ် ၁၀၅ မိုင်ဘက်အသွား ကားလမ်းမမှ အောက်တုံခမ်ကျေးရွာ မရောက်ခင် မူဆယ် လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ်မှ ဘယ် ဘက်ချိုး၍ ကားဖြင့် ၁၀ မိနစ်ခန့်အကွာအဝေး မြေသားလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း ၏ ဘယ်ဘက်လက်ဖျံ၌ ဓားပြတ် ရှ ဒဏ်ရာနှင့် ဝမ်းဗိုက် ဓားထိုးဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရကာ ကား၏ဘီးရာများ မှာ ပြန်လည်လှည့်မောင်းသွားသည့် အရာ များတွေ့ရှိရသည်။
အဆိုပါဖြစ်ပွားရာနေရာသို့ မူဆယ်မြို့မှ တာဝန်ရှိသူတချို့နှင့်အတူ ယာဉ်မောင်း၏မိသားစုဝင်များ၊နှလုံးလှလူမှုကူညီရေးအသင်း ဝင်များက သွားရောက် ၍ ယာဉ်မောင်းအား မူဆယ်ပြည်သူ့ဆေးရုံကြီး ယာဉ်ခွဲရုံသို့ ပို့ ဆောင်ခဲ့ပြီး အမှုအားတာဝန်ရှိသူများက ဆက် လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
အဆိုပါယာဉ်မောင်းအား လိမ်လည် လှည့်ဖြား ခေါ်ဆောင် အသက်သေဆုံးသည် အထိ ပြုလုပ်ခဲ့သူ အမည်မသိသူအား မူဆယ် မြို့မရဲစခန်း၌ ပထမသတင်းပေးတိုင်တန်း ချက်အမှတ် ၂၄၃ /၂၀၂၁ ရာဇသတ်ကြီး ၃၉၂ /၃၀၂ /၁၁၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
မူဆယ်မြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့် အညီ မြေပြင် ပထဝီနိုင်ငံရေးအခြေအနေ နှင့် နယ်မြေဒေသအနေအထားအရ မူဆယ်မြို့ရှိ ဆိုင်ကယ်ကယ်ကီသမားများ နှင့် ကားဆရာ များ ၊ကား^ဆိုင်ကယ်များဖြင့် စျေးရောင်းချနေ သူများ မကြာခဏဆိုသလို လုယက် သတ်ဖြတ် ခံနေရခြင်းများရှိခြင်းကြောင့် မိမိတို့၏အမြဲ သွားလာနေရာမဟုတ်ပါက ဝင်ငွေတစ်ခု တည်းမကြည့်ဘဲ မိမိအသက်အန္တရာယ်ကို ရှေးရှု ၍ ဂရုစိုက်ပြီး သတိထားစီးပွားရှာသင့် ကြောင်း မူဆယ်ဒေသခံများက ပြောကြား သည်။















