■ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးကို MFF သက်တမ်းတိုးစာချုပ် ချုပ်ဆို

■ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးကို MFF သက်တမ်းတိုးစာချုပ် ချုပ်ဆို
Photos : MFF
Photos : MFF
Published 18 November 2021

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

စာချုပ်သစ်အရ အန်တွမ်နီဟေးသည် လာမည့် ၂၀၂၂ နှစ်ကုန်ပိုင်းအထိ ဆက်ရှိမည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

ကပ်ရောဂါအခြေအနေကြောင့် အန်တွမ်နီဟေးသည် ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ မြန်မာနိုင်ငံသို့ လာရောက်ခြင်းမရှိဘဲ မြန်မာ့လက်ရွေးစင်အသင်း တူရကီနိုင်ငံသို့ရောက်ရှိမှသာ ပူးပေါင်းခဲ့သဖြင့် တူရကီခြေစမ်းခရီးစဉ်တွင် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

MFF သည် နိုင်ငံခြားသားနည်းပြ(၂)ဦးဖြစ်သည့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်တို့ကို ပြီးခဲ့သည့်လပိုင်းကတည်းက စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရခဲ့ပြီး ပိုပေါ့ဗ်မှာမူ မြန်မာနိုင်ငံတွင် ရှိနေသဖြင့် အောက်တိုဘာတတိယပတ်ကတည်းက သက်တမ်းတိုးခဲ့ကာ အန်တွမ်နီဟေးကိုမူ တူရကီနိုင်ငံသို့ရောက်ရှိမှသာ သက်တမ်းတိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ 

''အန်တွမ်နီဟေးကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီးသွားပါပြီ။ ဒီနှစ်ကုန်မှာ စာချုပ်ကုန်ဆုံးမှာဖြစ်တာကြောင့် ဆူဇူကီးဖလားပြိုင်ပွဲမတိုင်ခင် သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်''ဟု MFF တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖြစ် ဒုတိယအကြိမ် ကိုင်တွယ်နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်က ပထမအကြိမ် ကိုင်တွယ်ခဲ့သည်။ 

အန်တွမ်နီဟေးသည် ၂၀၁၈ ခုနှစ် မေလမှ ဒီဇင်ဘာအထိ ပထမအကြိမ် ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခဲ့ရသဖြင့် ယင်းပြိုင်ပွဲအပြီးတွင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်း ဖြစ်သည်။ 

သို့သော် အန်တွမ်နီဟေးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် လမ်းခွဲအပြီး တစ်နှစ်မပြည့်မီမှာပင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖြစ် ဒုတိယအကြိမ် ခန့်အပ်ခံရပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ပြန်လည်တာဝန်ယူခဲ့ခြင်းဖြစ်သည်။ 

အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖြစ် ဒုတိယအကြိမ်ကိုင်တွယ်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ (၅)ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ယခုနှစ်ကုန်ပိုင်းကျင်းပမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် ထပ်မံတာဝန်ယူရမည်ဖြစ်သည်။ 

အန်တွမ်နီဟေးသည် ပထမအကြိမ်ကိုင်တွယ်စဉ်က မြန်မာ့လက်ရွေးစင်အသင်းအပြင် မြန်မာ ယူ-၂၃ အသင်းကိုပါ တာဝန်ယူကိုင်တွယ်ခဲ့ရပြီး ဒုတိယအကြိမ် ကိုင်တွယ်ရာတွင်မူ မြန်မာ့လက်ရွေးစင်အသင်း တစ်သင်းတည်းကိုသာ ကိုင်တွယ်နေရကာ ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲမှာ ၎င်းအတွက် ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲလည်းဖြစ်သည်။ 

Most Read

Most Recent