မေ ၃ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ခြောက်လအတွင်း သတ်ဖြတ်ခံရမှုကြောင့် သံဃာ ၁၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း ထုတ်ပြန်

မေ ၃ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ခြောက်လအတွင်း သတ်ဖြတ်ခံရမှုကြောင့် သံဃာ ၁၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း ထုတ်ပြန်
Published 17 November 2021

မေ ၃ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ခြောက်လအတွင်း  သတ်ဖြတ်ခံရမှုကြောင့် သံဃာ ၁၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၁၆ ရက်တွင် သတင်း ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်အရ မိုးမောက်မြို့နယ်တွင် သံဃာတစ်ပါး၊ မိုးညှင်းမြို့နယ်တွင် သံဃာတစ်ပါး၊ မင်းတပ်မြို့နယ်တွင် သံဃာတစ်ပါး၊ ကနီမြို့နယ်တွင် သံဃာနှစ်ပါး၊ ပုလဲမြို့နယ်တွင် သံဃာတစ်ပါး၊ မင်းကင်းမြို့နယ်တွင် သံဃာနှစ်ပါး၊ ကောလင်းမြို့နယ်တွင် သံဃာတစ်ပါး၊ ကလေးမြို့နယ်တွင် သံဃာတစ်ပါး၊ မုံရွာမြို့နယ်တွင် သံဃာတစ်ပါး၊ ဝမ်းတွင်းမြို့နယ်တွင် သံဃာတစ်ပါး စုစုပေါင်း သံဃာ ၁၂ ပါး သတ်ဖြတ်ခံခဲ့ရကြောင်း ဖော်ပြပါရှိသည်။

သတ်ဖြတ်ခံခဲ့ရသည့် သံဃာများထဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းပေး ဒလန်ဟု စွပ်စွဲခံရသူနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတ်ဖြတ်ခံခဲ့ရသည့် သံဃာများထဲတွင် မိုးမောက်မြို့နယ်မှ ဦးကေသရ (၄၅) နှစ်၊ (၁၆) ၀ါ၊ မိုးညှင်းမြို့နယ်မှ ဥူးသုဇာတ (၅၄) နှစ်၊ မင်းတပ်မြို့နယ်မှ ဘဒ္ဒန္တပညာဇောတ (၅၂) နှစ်၊ (၁၆) ၀ါ၊ ကနီမြို့နယ်မှ ဥူးပညာသာမိ (၃၀)နှစ်နှင့် ဥူးကေလာ (၃၂)နှစ်၊ ပုလဲမြို့နယ်မှ ဥူးဉာဏိတ(၄၂)နှစ်၊ မင်းကင်းမြို့နယ်မှ ဥူးသုမင်္ဂလ (၆၃)နှစ်နှင့် ဥူးကောဝံသ (၇၄)နှစ်၊ ကောလင်းမြို့နယ်မှ ဥူးကုမာရ (၄၉)နှစ်၊ ကလေးမြို့နယ်မှ အရှင်ဉာဏိန္ဒ (၄၃)နှစ်၊ မုံရွာမြို့နယ်မှ ဥူးဇင်းဒိန်းဒေါင် (၅၀)နှစ်နှင့် ဝမ်းတွင်းမြို့နယ်မှ ဥူးသောမန (၄၈)နှစ်၊ (၂၈)၀ါ တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် သတ်ဖြတ်ခံခဲ့ရသည့် သံဃာများမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ ရှစ်ပါးဖြင့် အများဆုံးဖြစ်ပြီး  ကချင်ပြည်နယ်မှ နှစ်ပါး၊ ချင်းပြည်နယ်မှ တစ်ပါး၊ မန္တလေးတိုင်းဒေသကြီးမှ တစ်ပါးတို့ ပါဝင်သည်ကို ထုတ် ပြန်ချက်အရ သိရှိရသည်။

Most Read

Most Recent