တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ဆောင်းရာသီ အိုလံပစ်ပွဲတော်မတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ စည်းမျဉ်းများကို ပိုမိုတိုးမြှင့်နေချိန်တွင် ပေကျင်းသို့ လာရောက်လည်ပတ်သော ခရီးသွားများအနေဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးရန် လိုအပ်ခြင်းနှင့် ပြည်တွင်းလေကြောင်းခရီးစဉ်များအား သိသိသာသာ ဖြတ်တောက်ခြင်းအပါအဝင် ကပ်ရောဂါဆိုင်ရာတင်းကျပ်သော ကန့်သတ်ချက် စည်းမျဉ်းများကို နိုဝင်ဘာ ၁၇ ရက်၌ ပြဋ္ဌာန်းခဲ့သည်။
ဖေဖော်ဝါရီလတွင် ကျင်းပမည့်ပွဲတော်ရောက်ရှိရန် ရက်ပေါင်း ၁၀၀ အောက်လျော့နည်းသည့် အချိန်တွင် တရုတ်နိုင်ငံ၌လပေါင်းများစွာ တင်းကျပ်သည့် နယ်စပ်စည်းမျဉ်းများ ချမှတ်ခဲ့ပြီးနောက် ထောင်နှင့်ချီသည့်နိုင်ငံတကာ အားကစားသမားများ ပေကျင်းသို့ ရောက်ရှိလာသောကြောင့် တရုတ်သည် ၎င်း၏ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးမျှ မရှိသည့် မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ပေကျင်းသို့ ရောက်ရှိနေသော ခရီးသွားများအားလုံးသည် လက်ရှိအချိန်၌ ၄၈ နာရီအတွင်း စစ်ဆေးထားသော ဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိသည့်ရလဒ်ကို ပြသရမည်ဖြစ်သည့်အပြင် တရုတ်နိုင်ငံတွင်းရှိ ဗိုင်းရပ်စ်ကူးစက် နိုင်ခြေမြင့်သည့် ဒေသများမှ ပျံသန်းပြေးဆွဲသည့် လေကြောင်းခရီးစဉ်များအားလုံးကို ရပ်ဆိုင်းခြင်း သို့မဟုတ် တစ်ရက်လျှင်ခရီးစဉ်တစ်ကြောင်းဖြင့် ခရီးသွားဦးရေကို လျှော့ချခြင်းများ လုပ်ဆောင်ရန်စီစဉ်နေသည်။
“ပေကျင်းဟာ မြို့တော်ဖြစ်တဲ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်မှုအား ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဟာပေ ကျင်းမြို့တော်ထဲကို ရောက်ရှိ၊ ကူးစက်ခြင်းမရှိစေရဘူး” ဟု ပေကျင်းမြို့တော် ပြောရေးဆို ခွင့်ရှိသူ ရှုဟေးကျန်က နိုဝင်ဘာ ၁၆ ရက်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကန့်သတ်ချက်အသစ်များတွင် မြို့တော်တွင်းရှိ အေးခဲအစားအစာ တင်သွင်းသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းပေါင်း ၃၀၀၀၀ ကျော်အနေဖြင့် သုံးရက်တစ်ကြိမ် COVID-19 ကူးစက်ခံရခြင်း ရှိ၊မရှိစစ်ဆေးရန် အချက်လည်း ပါဝင်နေသည်။
ပေကျင်းစျေးအလုပ်သမားများအကြားနှင့် နိုင်ငံအရှေ့ပိုင်းကျင်းတောင်မြို့ရှိ ဆိပ်ကမ်းအလုပ်သမားများအကြား အစောပိုင်း ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များသည် အေးခဲထုတ်ကုန်များနှင့်ဆက်နွှယ်နေသည်ဟု တ ရုတ်အာဏာပိုင်များက ပြောကြားခဲ့သည်။
တရုတ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် အခြားနိုင်ငံအများစုနှင့် နှိုင်းယှဉ်လျှင်များစွာ လျော့နည်းလျက်ရှိပြီး နိုဝင်ဘာ ၁၇ ရက်က နေ့အလိုက် ပြည်တွင်းကူးစက်ခံရသူ ရှစ်ဦးသာ ရှိသည်။
သို့သော် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် နိုင်ငံတကာက ပေကျင်းမြို့တော်ကို အာရုံစိုက်နေသောကြောင့် အာဏာပိုင်များမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူလုံးဝမရှိသည့် အခြေအနေသို့ ရောက်ရှိရန် လုပ်ဆောင်နိုင်သည့် အခွင့်အရေးမရရှိပေ။
ဖေဖော်ဝါရီ ၄ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပမည့် အိုလံပစ်ပွဲတွင် တရုတ်နိုင်ငံပြင်ပမှမည်သည့် ပွဲကြည့်ပရိသတ်များကိုမဆို ဝင်ရောက်ကြည့်ရှုခွင့် ပြုသွားမည်မဟုတ်ဟု ထုတ်ပြန်ထားသည်။














