မတရားအသင်း အက်ဥပဒေဖြင့် အမှု ဖွင့်ခံရသည့် ဦးကျော်မိုးထွန်းအား တရားရုံးတွင် လာရောက်ထုချေရှင်းလင်းရန် တောင်ဥက္ကလာပမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ဝရမ်းကပ်ထားကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် အင်းဝ (၂၀) လမ်းနေ ဦးကျော်မိုးထွန်းသည် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)/ကျင့် ၅၁၂ အရ ဦးကျော်မိုးထွန်းအား တိုင်ကြားထားသဖြင့် လူကိုဖမ်းဆီးရန် ဝရမ်းထုတ်ပေးထားကြောင်း၊ ဦးကျော်မိုးထွန်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ လာရောက်ထုချေ ရှင်းလင်း ရမည်ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင် လက်မှတ် ရေးထိုးထားသည့် တရားရုံးအမိန့်စာတွင် ရေး သားထားသည်ကို တွေ့ရသည်။
ကုသလမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သည့် အမိန့်နှင့် ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်အပေါ်သစ္စာဖောက်ဖျက်ခြင်း၊ နိုင်ငံတော်အစိုးရအား ကိုယ်စားပြုခြင်းမရှိသည့် တရားမဝင်အဖွဲ့အစည်းအား သစ္စာခံပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုမှုကြောင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာခဲ့သည်။
ဦးကျော်မိုးထွန်းသည် ဖေဖော်ဝါရီ ၂၆ ရက်က ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်သည့် အလွတ်သဘောအစည်းအဝေးကို တက်ရောက်ခဲ့ရာတွင် ၎င်းသည် NLD ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ကိုယ်စားပြုကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြ ုကော်မတီ CPRH ၏ သတင်းစကားကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြောကြားရာ၌လည်း တပ်မတော် အစိုးရအား ဆန့်ကျင်ရန်၊ ထိုသို့ဆန့်ကျင်သူများအား နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများပေးရန်၊ CPRH ကိုထောက်ခံရန်၊ ဖမ်းဆီးခံရသူခေါင်းဆောင်များအား ပြန်လွှတ်ပေးရန် စသည်တို့ကို ထည့်သွင်းပြောကြားခဲ့သဖြင့် ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထိုစဉ်ကကြေညာချက်တွင် ပါရှိသည်။















