ရေး - မော်လမြိုင် ကားလမ်း နှစ်ကရင်ကျေးရွာ လမ်းဝတွင် နိုဝင်ဘာ ၁၁ ရက်၊ ညနေပိုင်း က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ခြောက်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများ ရရှိသူ ခြောက်ဦးခန့်ရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အမျိုးသား ၁၃ ဦး လိုက်ပါစီးနှင်းလာသည့် ယာဉ်အမှတ် YGM - 4M/- - - - - Light truck အမျိုးအစား အဖြူရောင်ယာဉ်သည် မော်လမြိုင် - ရေး ကားလမ်းမတိုင်းမောင်းနှင်လာစဉ်၊ နှစ်ကရင်ကျေးရွာလမ်းဝမှ မော်လမြိုင် - ရေး ကားလမ်းမပေါ်သို့ ဖြတ်ထွက်သည့် ရော်ဘာထင်းများ တင်ဆောင်လာသော YGN – 4B/- - - - ခြောက်ဘီးယာဉ်မှ ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်ပေါ်တွင် စီးနှင်းလိုက်ပါလာသူများအနက် ဦးမျိုးမြင့်၊ ဒေါ်သန်းအေး၊ ဒေါ်အုန်းကြည်၊ ဒေါ်မီးဂန်း၊ ဒေါ်ပဲဝင်း၊ ဒေါ်ဆန်းမြင့် နှင့် ဒေါ်နီနီ တို့ ခုနစ် ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြပြီး ကျန် ခြောက် ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဖောင်းကားကျေးရွာမှ ဖြစ်ကြောင်း နှင့် ရွာသာကြီးကျေးရွာတွင် ကထိန်ခင်းပြီး ပြန်လာကြသူများဟု သိရကြောင်း ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
“ကျွန်တော်တို့ဆီကို ညနေ သုံးနာရီခွဲ လောက်မှာ ကားသမားတစ်ယောက် ဖုန်းဆက်လာတယ်။ နှစ်ကရင်လမ်းဝမှာ ယာဉ်တိုက်မှုဖြစ်တယ်ပေါ့။ လူတွေလည်း ဒီအတိုင်းဘဲ လမ်းမပေါ်ပြန့်ကြဲနေတယ်ပေါ့နော်။ သေဆုံးသူ များတယ်လို့အကြောင်းကြားလာပါတယ်။ အဲ့ဒါနဲ့အခင်းဖြစ်တဲ့နေရာနဲ့ အနီးဆုံး အဖွဲ့တွေထွက်နိုင်ဖို့ အကြောင်းကြားတယ်။ သေဆုံးသူများတယ်ဆိုတော့ ရေးမြို့ပေါ်က အဖွဲ့တွေ ထပ်ပြီးလိုက်သွားပါတယ်။ အခင်းဖြစ်တဲ့နေရာရောက်တော့ လမ်းပေါ်မှာလူတွေက ပြန့်ကြဲပြီးတော့ ကားကလည်း မှောက်နေတာ တွေ့ရပါတယ်။ အဲ့ဒီမှာ မေးကြည့်ကော့ ရော်ဘာသစ်တွေတင်တဲ့ကားက ဝင်တိုက်သွားတယ်ပေါ့။ ကားသမားကတော့ ထွက်ပြေးသွားတယ်လို့ ပြောကြပါတယ်။” ဟု အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သူ ရေးမြို့မှ ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦး က ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အခင်းဖြစ်တဲ့နေရာမှာ ခြောက် ယောက်က ပွဲချင်းပြီး သေတယ်။ အဲ့ဒီမှာ ဒဏ်ရာရသူတွေကိုကြည့်ပြီးတော့ အရေးကြီးလူနာတွေကို ရေးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့တယ်။ လမ်းမှာတစ်ယောက် ထပ်သေတယ်ပေါ့။ ဒဏ်ရာရတဲ့သူ (၆) ယောက်ထပ်ရတယ်။ အဲ့ဒီအထဲက လက်ကျိုး၊ ပေါင်ကျိုးကလေး နှစ်ယောက်ကိုတော့ မော်လမြိုင်ဆေးရုံကြီးကို လွဲပို့လိုက်ကြပါတယ်” ဟုပြောကြားသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ရေးမြို့၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာ နှင့် သံဖြူဇရပ်မြို့မှများ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ နာရေးကူညီမှုအသင်းများမှ သွားရောက်ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ခြောက် ဘီး ယာဉ်မောင်း အား သက်ဆိုင်ရာမှ အမှုဖွင့်ထားကြောင်း သိရသည်။















