စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ပေါင်းစည်းပွဲတွင် ကာနီလိုအယ်လ်ဇာရက်ဇ် အလဲထိုးအနိုင်ရပြီး ပထမဆုံး အငြင်းပွားဖွယ်မရှိ ချန်ပီယံဖြစ်လာ

စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ပေါင်းစည်းပွဲတွင် ကာနီလိုအယ်လ်ဇာရက်ဇ် အလဲထိုးအနိုင်ရပြီး ပထမဆုံး အငြင်းပွားဖွယ်မရှိ ချန်ပီယံဖြစ်လာ
Photo: AFP
Photo: AFP
Published 8 November 2021

 

WBA (Super)၊ WBC ၊ WBO စူပါ မစ်ဒယ်ဝိတ်တန်းချန်ပီယံ မက္ကဆီကိုလက်ဝှေ့သမား ကာနီလိုအယ်လ်ဗာရက်ဇ်နှင့် IBF ချန်ပီယံ အမေရိကန်လက်ဝှေ့သမား ကာလက်ပလန့်တို့ ချန်ပီယံခါးပတ်ပေါင်းစည်းပွဲ ထိုးသတ်ရာ ကာနီလိုက ၁၁ ချီမြောက်တွင် အလဲထိုးအနိုင်ရပြီး စူပါမစ်ဒယ်ဝိတ်တန်း၏ ပထမဆုံး အငြင်းပွားဖွယ်မရှိ ချန်ပီယံဖြစ်လာကြောင်း သိရသည်။

၎င်းတို့နှစ်ဦး၏ စိန်ခေါ်ပွဲကို မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု နီဗာဒါပြည်နယ် လတ်စ်ဗေးဂတ်စ်ရှိ နာမည်ကျော် MGM Grand Garden Arena ၌ ကျင်းပခဲ့သည်။ ပွဲမတိုင်ခင်ကတည်းက ပိုမိုရေပန်းစားနေသည့် ကာနီလိုသည် မျှော်လင့်ထားသည့်အတိုင်း လက်ရည်အသာဖြင့် ထိုးသတ်နိုင်ခဲ့ပြီး ၁၁ ချီမြောက်တွင် ၎င်း၏ဝဲဘက်ဝိုက်လက်သီးနှင့် ယာပင့်လက်သီးချက်ကြောင့် ကာလက်ပလန့် ကြမ်းပြင်ပေါ်သို့ နှစ်ကြိမ်လဲကျသွားခဲ့သည်။ ပလန့် အနေဖြင့် ပြန်ထလာပြီး ပွဲပြီးဆုံးသည်အထိ ဆက်လက်ထိုးသတ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ကာနီလိုက ဝဲယာလက်သီးတွဲလုံးများ ဖြင့် ဆက်တိုက်ထိုးသတ်ကာ တစ်မိနစ် ၀၅ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် နိုင်ပွဲရရှိခဲ့သည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် ကာနီလို သည် ပရော်ဖက်ရှင်နယ်ပွဲစုစုပေါင်း ပွဲ ၆၀ မြောက် ထိုးသတ်ရာတွင် အလဲထိုးပွဲ ၃၉ ပွဲ အပါအဝင် ၅၇ ပွဲမြောက် နိုင်ပွဲရရှိခဲ့ပြီး နှစ်ပွဲ သရေကျကာ တစ်ပွဲရှုံးနိမ့်ထားသည်။ ၎င်းအနေဖြင့် WBA (Super) ၊ WBC နှင့် WBO ချန်ပီယံခါးပတ်များကို ကာကွယ်နိုင်ခဲ့သလို ပလန့်၏ IBF ချန်ပီယံခါးပတ်ကိုပါ လွှဲပြောင်း ရယူနိုင်ခဲ့သောကြောင့် စူပါမစ်ဒယ်ဝိတ်တန်းတွင် ခါးပတ်လေးခုစလုံးရယူနိုင်သည့် ပထမဆုံး အငြင်းပွားဖွယ်မရှိချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ထို့ပြင် ကာနီလိုသည် WBO က ကမ္ဘာ့ချန်ပီယံလုပွဲများ စတင်ထိုးသတ် ခွင့်ပြုခဲ့သည့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ၀ိတ်တန်းအသီးသီးတွင် ချန်ပီယံခါးပတ်လေးခုစလုံး ပိုင်ဆိုင်ခွင့်ရသည့် ခြောက်ဦးမြောက် ကစားသမားဖြစ်လာကြောင်း သိရသည်။

"သူက ဆက်ထိုးချင်ပါသေးတယ်။ ဒါက ရှက်စရာမဟုတ်ဘူးလို့ ကျွန်တော် သူ့ကိုပြောခဲ့ပါတယ်။ ကာလက်က ဖိုက်တာကောင်းတစ်ယောက်ပါ။ သူက အရည်အသွေးအများ ကြီးရှိပြီး ခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက်ပါ။ ကျွန်တော် သူ့ကို လေးစားမှုရှိပါတယ်။ သူက ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အက်ဒီ (လေ့ကျင့်ရေးမှူး) က နောက်ဆုံးနှစ်ချီမှာ အစီအစဉ်အတိုင်းလုပ်ဖို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်လုပ်နိုင်ခဲ့ပါပြီ။ ဒီပုံစံအတိုင်း အဆုံးသတ်နိုင်ခဲ့ပါတယ်" ဟု ကာနီလိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ကာနီလိုသည် လိုက်ဟဲဗီးဝိတ်တန်း၊ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်မစ်ဒယ်ဝိတ်တန်းတွင်လည်း ချန်ပီယံဆုများရရှိဖူးကြောင်း သိရသည်။

Most Read

Most Recent