ဟိုပင်မြို့ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် လက်နက်ကိုင် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သံဃာတစ်ပါး အပါအဝင် ငါးဦး သေဆုံးပြီး ဒဏ်ရာရသူ ရှစ်ဦးရှိ

ဟိုပင်မြို့ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် လက်နက်ကိုင် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သံဃာတစ်ပါး အပါအဝင် ငါးဦး သေဆုံးပြီး ဒဏ်ရာရသူ ရှစ်ဦးရှိ
Published 7 November 2021
ထွန်းလင်းအောင်(မြစ်ကြီးနား)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ရှိ ထူးထိုက်စံ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်နေသူများကို သေနတ်သမားတစ်စုက ကားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နာရေးကူညီမှုအသင်းမှ ဦးမျိုးအောင်က '' သေဆုံးတာက ငါးဦးပါ။ ရှစ်ဦး ဒဏ်ရာရတယ်။ သေဆုံးတာက နန့်ရင်းက ဦးပဇင်းတစ်ပါး၊ အမျိုးသား သုံးယောက်၊ အမျိုးသမီးငယ်က ရွှေပွင့်လွှာ ပုံနှိပ်ဆိုင်ကပါ။ အဲဒီအထဲမှာ ဦးဇင်းနှင့် ဒကာတစ်ယောက်က နန့်ရင်းကျေးရွာကပါ။ အခုသဂြိုင်္ဟ်ဖို့ လုပ်နေကြပါတယ်။ ဦးဇင်းကိစ္စက ဆရာတော်ကြီးတွေ ငါးပါး ရောက်လာတယ်''ဟု ပြောကြားသည်။

ပစ်ခတ်မှုမှာ နံနက် ၉ နာရီကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟိုပင်မြို့တွင်းဘက်မှ ဘင်ကားကဲ့သို့ လူစီးကားဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး မြစ်ကြီးနားဘက်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။

 ယင်းဖြစ်စဉ်အနီးမှ ဟိုပင်မြို့ခံတစ်ဦးက '' တစ်လမ်းသွားဆိုတော့ ပြေးပြီး မောင်းထွက်တာ။ ငါးချက်လောက်ပဲ  ကြားလိုက်ရတယ်။ ဖြစ်တာမြန်တယ်။ တစ်ခါတည်း ဆွဲပစ်သွားတဲ့သဘောပဲ။ ဘင်ကားလို အနိမ့်ကားပဲ။ မြစ်ကြီးနားဘက် မောင်းသွားတာ။ တစ်ဆိုင်လုံး သွေးတွေချည်းပဲ။ ဆိုင်က အလုပ်သမားတွေ၊ ကလေးငယ်လေးကော ဒဏ်ရာရတယ်။ အခုက အားလုံး ပိတ်လိုက်ပြီ။ အနီးက ဆိုင်တွေလည်း အားလုံးပိတ်ပဲ'' ဟု ပြောကြားသည်။

မြစ်ကြီးနားမြို့သို့ နာရေးကား မောင်းပို့သူက'' အခု ငါးယောက် မြစ်ကြီးနားဆေးရုံ ရောက်ထားပြီ။ နောက်ထပ် နှစ်ယောက် တင်တဲ့ကားက စက်ချို့ယွင်းနေလို့ အခုပြန်ကြိုနေရတယ်။ ဦးခေါင်းထိတဲ့သူက စိုးရိမ်ရတယ်။ ဗိုက်နံဘေး ပေါက်ထွက်ရယ်။ သူက ခါးလည်း တစ်ချက်မှန်ထားတယ် ။သူလည်း ဒဏ်ရာပြင်းတယ်။ နောက်တစ်ယောက်က ပါးပေါက်ထွက်တယ်။ ခြေထောက် ပေါက်ထွက်တယ်။ အခု သားအဖနှစ်ယောက်က ဘယ်အခြေအနေမှန်း မသိသေးဘူး''ဟု ပြောကြားသည်။

လွန်ခဲ့သည့်  အောက်တိုဘာ ၂၉ ရက်ကလည်း အသက် ၄၇ နှစ်အရွယ်ရှိ ဦးထွန်းထွန်းဝင်း ဆိုသူကို ပြည်ထောင်စု ကားလမ်းပေါ်ရှိ စံပယ်ဖြူ ထမင်းဆိုင်ရှေ့တွင် ဆိုင်ကယ် စီးနှင်းလာသည့် အမျိုးသား နှစ်ဦးက သေနတ်ဖြင့် ကျောဘက်မှ အနီးကပ် ပစ်ခတ်သဖြင့် သေဆုံးခဲ့သည်။

အလားတူ အောက်တိုဘာ ၁၂ ရက်ကလည်း  ဟိုပင်မြို့အထွက်၊ သဲဂုဏ်ရေထွက်ပေါက်တွင် သဲဂုဏ်ကျေးရွာမှ အသက် ၃၇ နှစ်အရွယ်ရှိ ဒေါ်မြင့်မာဝင်းဆိုသူမှာ ဟိုပင်မြို့မှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သေနတ်ဖြင့် ပစ်သတ်ခံရသည်။

ကချင်ပြည်နယ်တွင် မေ ၉ ရက် နောက်ပိုင်းမှ စတင်ကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ တာဝန်ခံများ၊ အရပ်သားများ လုပ်ကြံခံရသူပေါင်းမှာ မိုးညှင်းမြို့နယ်၊ မှော်ဟန်ဒေသတွင် နှစ်ဦး၊ ဟိုပင်ဒေသတွင် ရှစ်ဦး၊ နန်းမားဒေသတွင် သုံးဦး၊ ဖားကန့်ဒေသတွင် ခြောက်ဦး၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီး ဒေသတွင် ငါးဦး ၊ မြစ်ကြီးနားမြို့တွင် တစ်ဦး ၊တနိုင်းဒေသတွင် နှစ်ဦး၊ ကာမိုင်းဒေသတွင် သုံးဦး ၊မိုးမောက်မြို့နယ်တွင် နှစ်ဦး ရှိခဲ့ပြီး လေးလအတွင်း လုပ်ကြံသတ်ဖြတ်ခံရသူ ၃၃ ဦးရှိခဲ့ပြီ ဖြစ်သည်။

Most Read

Most Recent