၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားလက်ရွေးစင်အသင်းအပါအဝင် ခြေစမ်းပွဲသုံးပွဲ ကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ အန်တွမ်နီဟေးသည် ၎င်း၏ Twitter မှတစ်ဆင့် မြန်မာ့လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲကစားမည့်အစီအစဉ်များကို ထုတ်ပြန်ခဲ့သလို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း ခြေစမ်းပွဲများနှင့်ပတ်သက်၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။
အန်တွမ်နီဟေး၏ ထုတ်ပြန်ချက်အရ မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၉၊ ၁၃၊ ၂၅ ရက်တို့တွင် ခြေစမ်းပွဲ သုံးပွဲ ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၉ ရက်တွင် တူရကီကလပ် Manavgat Spor အသင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် အာဖရိကမှ ဘူရွန်ဒီအသင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အင်ဒိုနီးရှားလက်ရွေးစင်အသင်းမှာလည်း ဆူဇူကီးဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံတွင် လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တူရကီနိုင်ငံ၊ Antalya မြို့၌ အောက်တိုဘာ ၂၈ ရက်မှစ၍ လေ့ကျင့်နေခြင်းဖြစ်ပြီး နိုဝင်ဘာလကုန်အထိ လေ့ကျင့်သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲနှင့်အထက် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး လတ်တလော သုံးပွဲကစားရန် သဘောတူညီမှုရထားခြင်းဖြစ်သည်။
ခြေစမ်းပွဲကစားရန် စီစဉ်ထားမှုအရ နိုဝင်ဘာ ၂၅ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံးကစားသည့်ခြေစမ်းပွဲ ဖြစ်လာဖွယ်ရှိနေသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်လယ်ပိုင်းက ယှဉ်ပြိုင်ကစားသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများမတိုင်မီကလည်း ခြေစမ်းပွဲကစားရခြင်းမရှိဘဲ ယခုမှသာ ကစားရခြင်းဖြစ်သည်။

ထို့ကြောင့် နိုဝင်ဘာ ၉ ရက်တွင် ကစားမည့် တူရကီကလပ်နှင့် ခြေစမ်းပွဲမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာက ကစားသည့် နီပေါနှင့်ခြေစမ်းပွဲနောက်ပိုင်း ပထမဆုံးကစားသည့် ခြေစမ်းပွဲလည်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် အောက်တိုဘာလဆန်းပိုင်းတွင် စတင်လေ့ကျင့်ခဲ့သော်လည်း ကပ်ရောဂါအခြေအနေကြောင့် နည်းပြချုပ် အန်တွမ်နီဟေးနှင့် ဂျာမနီနိုင်ငံသား နည်းပြအဖွဲ့ဝင်နှစ်ဦးမှာ တူရကီနိုင်ငံသို့ ရောက်ရှိမှသာ အသင်းနှင့်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမကစားသမား ၂၅ ဦး ရွေးချယ်ထားပြီး ယူ-၂၃ အသင်းမှ ရွေးချယ်ထားသူများမှာ အာရှဖလား ယူ-၂၃ ခြေ စစ်ပွဲပြီးဆုံးမှ ပူးပေါင်းမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလကုန်တွင် ဆူဇူကီးဖလားပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး စင်ကာပူနိုင်ငံသို့ အုပ်စုပွဲများမစတင်မီ ရက်အနည်းငယ်ကြိုတင်သွားရောက်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စု (A)၌ ထိုင်း၊ ဖိလစ်ပိုင်၊ အိမ်ရှင်စင်ကာပူ၊ ခြေစစ်ပွဲအောင်အသင်း (တီမော/ဘရူနိုင်း) တို့နှင့် ကျရောက်နေသည်။















