ပရိသတ်များက နည်းပြ ဇာဗီ ဘာစီလိုနာသို့ မပြောင်းရွှေ့စေရန် ကြိုးပမ်းနေသည့် #XaviStay လှုပ်ရှားမှုကို အယ်လ်ဆတ်အသင်း ပြန်လည်မျှဝေ

ပရိသတ်များက နည်းပြ ဇာဗီ ဘာစီလိုနာသို့ မပြောင်းရွှေ့စေရန် ကြိုးပမ်းနေသည့် #XaviStay လှုပ်ရှားမှုကို အယ်လ်ဆတ်အသင်း ပြန်လည်မျှဝေ
Photo: Getty Images
Photo: Getty Images
Published 30 October 2021

 

ကာတာကလပ် အယ်လ်ဆတ်အသင်းသည် ပရိသတ်များက နည်းပြ ဇာဗီအား ဘာစီလိုနာအသင်းသို့ မပြောင်းရွှေ့စေရန် ကြိုးပမ်းနေသည့် #XaviStay လှုပ်ရှားမှုကို ၎င်းတို့၏ Instagram Story တွင် ပြန်လည်မျှဝေခဲ့ကြောင်း သိရသည်။

ဘာစီလိုနာနှင့် စပိန်လက်ရွေးစင် ကွင်းလယ်လူဟောင်း ဇာဗီသည် လစ်လပ်သွားသည့် ဘာစီလိုနာအသင်း နည်းပြရာထူးကို လက်ခံရယူရန် အလွန်နီးစပ်နေပြီး ယခုတစ်ပတ်ပွဲစဉ်မှာ အယ်လ်ဆတ်အသင်းကို နောက်ဆုံးကိုင်တွယ်ခြင်းဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

သို့ဖြစ်ရာ အယ်လ်ဆတ်အသင်းပရိသတ်များက ဇာဗီဆက်ရှိနေစေရန်အတွက် Instagram အပါအဝင် လူမှုမီဒီယာများတွင် hashtag ဖြင့် #XaviStay လှုပ်ရှားမှု ပြုလုပ်လျက်ရှိသည်။ အယ်လ်ဆတ် အသင်းကလည်း ဇာဗီအား ဆက်ရှိနေစေရန် ကြိုးပမ်းမှုအဖြစ် ပရိသတ်များ၏ လှုပ်ရှားမှုကို ၎င်းတို့၏ Instagram Story တွင် ပြန်လည်မျှဝေခဲ့ခြင်းဖြစ်သည်။

အသက် ၄၁ နှစ်ရှိပြီဖြစ်သည့် ဇာဗီသည် ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီးနောက် အယ်လ်ဆတ်အသင်းတွင် ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ လေးရာသီကြာ ကစားခဲ့ပြီး ၂၀၁၉ ခုနှစ် နွေရာသီမှာပင် နည်းပြဘဝ စတင်ခဲ့သည်။ ၎င်းသည် အယ်လ်ဆတ်အသင်းနည်းပြဘဝ နှစ်နှစ်အတွင်း ကာတာစတားလိဂ်ချန်ပီယံ တစ်ကြိမ်၊ ကာတာဖလား နှစ်ကြိမ်၊ ကာတာစူပါဖလား တစ်ကြိမ်၊ Emir Cup နှစ်ကြိမ်၊ ကာတာစတားဖလား တစ်ကြိမ် ဆွတ်ခူးရယူပေးထားသည်။ ထို့ကြောင့် ပရိသတ်များက ၎င်းအား အယ်လ်ဆတ်အသင်း၌သာ ဆက်ရှိနေစေရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ 

သို့သော် ဇာဗီအနေဖြင့် အယ်လ်အာလီအသင်းနှင့် စနေနေ့ (ယနေ့) ကစားမည့် ပွဲအပြီးတွင် အယ်လ်ဆတ်အသင်းအား နှုတ်ဆက်မည်ဖြစ်ပြီး နိုဝင်ဘာ ၄ ရက်တွင် ဘာစီလိုနာသို့သွားရောက်၍ နည်းပြရာထူး လက်ခံရယူမည်ဖြစ် ကြောင်း စပိန်အပါအဝင် သတင်းဌာနများစွာက ဖော်ပြလျက်ရှိသည်။ 

ဘာစီလိုနာအခြေစိုက် Sport သတင်းစာက ဇာဗီနှင့် အယ်လ်ဆတ်အသင်း၏ စာချုပ်လျော်ကြေးမှာ ပေါင် ၈၄၀၀၀၀ ဖြစ်ကြောင်း ဖော်ပြထားပြီး AS သတင်းစာကမူ အလွတ်ထွက်ခွာခွင့်ပြုရန် ဇာဗီနှင့် အသင်းတာဝန်ရှိသူများအကြား နှုတ်ကတိရှိထားကြောင်း ဖော်ပြခဲ့သည်။ ဇာဗီကိုယ်တိုင်ကလည်း တစ်ချိန်ချိန်တွင် ဘာစီလိုနာအသင်းနည်းပြအဖြစ် ကိုင်တွယ် ခွင့်ရလိုကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားဖူးသည်။    

Most Read

Most Recent