လီဗာပူးလ်အသင်းတွင် ကစားသမားဘဝ နောက်ဆုံးအချိန်အထိ ကစားလိုသော်လည်းစာချုပ်သက်တမ်းတိုးရန်မှာမူ အသင်းအပေါ်မူတည်ကြောင်း ဆာလာ ပြောကြား

လီဗာပူးလ်အသင်းတွင် ကစားသမားဘဝ နောက်ဆုံးအချိန်အထိ ကစားလိုသော်လည်းစာချုပ်သက်တမ်းတိုးရန်မှာမူ အသင်းအပေါ်မူတည်ကြောင်း ဆာလာ ပြောကြား
Photo: AFP
Photo: AFP
Published 24 October 2021

 

လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလာက အသင်း၌ ကစားသမားဘဝ နောက်ဆုံးအချိန်အထိ ကစားလိုသော်လည်း စာချုပ်သက်တမ်းတိုးရန်မှာမူ မိမိနှင့် မသက်ဆိုင်ဘဲ အသင်းအပေါ်မူတည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အီဂျစ်လက်ရွေးစင်ကစားသမား ဆာလာ (၂၉ နှစ်) ၏ စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသေးပြီး လီဗာပူးလ် အသင်းက ကာလရှည်သက်တမ်းတိုးရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော် ဆာလာက ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လစာအများဆုံး ကစားသမားတစ်ဦးဖြစ်လာရန် ဆန္ဒရှိနေပြီး တစ်ပတ်လစာ ပေါင်ငါးသိန်းအထိ တောင်းဆိုထားသောကြောင့် သဘောတူညီမှုရရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနနှင့်တွေ့ဆုံစဉ် ဆာလာက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

"အဲဒါက ကျွန်တော့်အပေါ် မူတည်မနေပါဘူး။ ဒါပေမဲ့ ခင်ဗျားက မေးလာရင်တော့ လီဗာပူးလ််အသင်းမှာ ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝ နောက်ဆုံး နေ့ရက်အထိ ဆက်နေချင်တယ်လို့ ဖြေမှာပါ။ ဒါပေမဲ့ ဒီကိစ္စအကြောင်း ကျွန်တော်အများ ကြီးပြောလို့မရပါဘူး။ အဲဒါက ကျွန်တော့် လက်ထဲမှာမဟုတ်ပါဘူး။ အသင်းဘက်က ဘာလိုချင်လဲဆိုတဲ့အချက်အပေါ် မူတည်ပါတယ်။ ကျွန်တော့်အပေါ်မမူတည်ပါဘူး။ ဒီ အချိန်မှာ လီဗာပူးလ်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ်လို့ ကိုယ့်ကိုယ်ကိုမမြင်မိပါဘူး။ အဲဒီလိုသာဆိုရင် ကျွန်တော့်ကို ဝမ်းနည်းစေပါလိမ့်မယ်။ ဒါက တကယ်ခက်ခဲတဲ့ကိစ္စပါ။ ဒီအကြောင်းကို ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမဲ့ အဲဒီလိုသာဖြစ်ခဲ့ရင် ကျွန်တော့်ကို တကယ်စိတ်မကောင်းဖြစ်စေမှာပါ။ ဒီအချိန်မှာတော့ လီဗာပူးလ်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ်လို့ ကိုယ့်ကိုယ်ကိုမမြင်မိပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" ဟု ဆာလာက ပြောကြားခဲ့သည်။

ဆာလာသည် ၂၀၁၇ ခုနှစ် နွေရာသီတွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ရောက်ရှိလာသူဖြစ်ပြီး ငါးရာသီအတွင်း ပရီးမီးယား လိဂ်ပြိုင်ပွဲ၌ ၁၅၃ ပွဲကစား၊ ၁၀၂ ဂိုးနှင့် ပြိုင်ပွဲ စုံတွင် ၂၁၄ ပွဲကစား၊ ၁၃၇ ဂိုးသွင်းယူပေးထားသည်။ ၎င်း သည် လီဗာပူးလ်အသင်းသို့ စတင်ရောက်ရှိစဉ်ကတည်းက ရာသီတိုင်းတွင် ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ၊ ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီ ဆွတ်ခူးရရှိထားကြောင်း သိရသည်။

Most Read

Most Recent