ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်ရှိ ပြည်သူ့စျေး (ရှမ်းစျေး) အတွင်း အောက်တိုဘာ ၁၂ ရက် နံနက် ၅ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်းရှစ်ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါစျေးမီးလောင်မှုမှာ လျှပ်စစ်ပစ္စည်းများ၊ ကုန်မာဆိုင်များရှိသည့် စျေးရုံ (၄) တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရသည့်အကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
“မီးစလောင်တဲ့အချိန်က ကုန်စိမ်းစျေးနဲ့ သားငါးစျေးဖွင့်နေတဲ့အချိန်ဆိုတော့ လူနိုင်သွားတယ်လို့ပဲပြောရမယ်။ ဘယ်လိုစလောင်လည်းတော့ မသိဘူး။ မီးလောင်သွားတဲ့ရုံမှာက လျှပ်စစ်ပစ္စည်းရောင်းတဲ့ဆိုင်တွေနဲ့ ကုန်မာဆိုင်တွေရှိတယ်လို့ သိရတယ်။ ဆိုင်ခန်းရှစ်ခန်းလောက် လောင်သွားတယ်။ တခြားဆိုင်တွေကိုလည်း မီးဟပ်တာတွေရှိခဲ့တယ်” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ပြောကြားသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ကျိုက်ထိုမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်တစ်စီးဖြင့် ဦးစီးအရာရှိ ဦးတင်ထွေး ဦးဆောင်သော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၆ နာရီ မိနစ်၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် (၆ x ၇) ပေ အုတ်ညှပ်၊ ကွန်ကရစ်ခင်း၊ ကျောက်ပြားမိုး လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် ကုန်မာပစ္စည်းအရောင်းဆိုင်၊ ဆိုင်ခန်းရှစ်ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။















