COVID-19 ရောဂါပိုး ထိန်းချုပ်ကာကွယ်ရန် ထုတ်ပြန်ထားသည့် ပြည်သူသို့ပန်ကြားချက် အမိန့်ကြော်ငြာစာ ညွှန်ကြားချက်များကို အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက စက်တင်ဘာ ၃၀ ရက်က အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်။
ကြေညာချက်တွင် COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်ထိန်းချုပ် တားဆီးရေးအတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက် အမိန့်၊ အမိန့်ကြော်ငြာစာ ညွှန်ကြားချက်များ ဖြေလျှော့ထားသည့် ကိစ္စရပ်များမပါ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ရက်တိုးမြှင့် ဆောင်ရွက်ထားကြောင်းသိရသည်။
အလားတူ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်ရန် လိုအပ်သည့်အတွက် အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင်) ကို စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ ဆက်လက် ယာယီပိတ်ထားကြောင်း သိရသည်။
ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လတွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း COVID-19 တတိယလှိုင်း မြင့်တက်လာသည့် ဇူလိုင်လတွင် ကျောင်းများပြန်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၇ ရက် ည ၈ နာရီမှ ၂၈ ရက် ည ၈ နာရီအတွင်း တွေ့ရှိခဲ့သော COVID-19 ဓာတ်ခွဲ အတည်ပြုလူနာဦးရေ ၁၆၃၀ တွင် ရှမ်းပြည်နယ်မှ ၅၃၄ ဦးဖြင့် အများဆုံးဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၂၇ ရက် ည ၈ နာရီမှ ၂၈ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲ အတည်ပြုလူနာဦးရေ ၁၆၃၀ အပြင် သေဆုံးသူ ၄၈ ဦးရှိကာ ရှမ်းပြည်နယ်မှ နှစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၀ ဦး၊ မကွေးတိုင်း ဒေသကြီးမှ သုံးဦး၊ ကချင်ပြည်နယ်မှ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှ တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ရှစ်ဦး၊ နေပြည်တော်မှ တစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ သုံးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သုံးဦး၊ မွန်ပြည်နယ်မှ ၁၀ ဦး၊ ကရင်ပြည်နယ်မှ နှစ်ဦး၊ ရခိုင်ပြည်နယ်မှ လေးဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။















