COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးဗဟိုကော်မတီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့်သတ်ချက်များ အားလုံးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ တိုးမြှင့်လိုက်ခြင်းအားထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းခရီးသွားလာခြင်းမှ တစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှခရီးသည်တင် လေယာဉ်များပြေးဆွဲခွင့် ကာလအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်ထားခြင်းအား ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ e-Visa ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွား ၁.၇ သန်းကျော်ရှိပြီး ၎င်းတို့ e-Visa လျှောက်ထားမှုမှ ဝင်ငွေရရှိမှု အမေရိကန်ဒေါ်လာ ၆၉.၂ သန်း ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများ ဆိုက်ရောက်ဗီဇာ လျှောက်ထားမှုမှ ရရှိဝင်ငွေ အမေရိကန် ဒေါ်လာ ၇၁.၅၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ဝင်ဗီဇာ ၁၄ မျိုးအား ခွင့်ပြုလျက်ရှိပြီး ဆိုက်ရောက်ဗီဇာ အမျိုးအစားအား ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုတွင် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ နိုင်ငံသားများကို လုပ်ငန်းဗီဇာ၊ အလုပ်ရုံ၊ ဆွေးနွေးပွဲ အပါအဝင် ဗီဇာအမျိုးအစားများအား ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ခွင့်ပြုထုတ်ပေးလျက်ရှိသည်။















