မန်ယူအသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာသည့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိသည် အသင်းဟောင်းထံ အလည်အပတ်သဘော ပြန်လာခြင်းမဟုတ်ဘဲ (၃) နှစ် သို့မဟုတ် (၄)နှစ်အထိ လက်တွဲဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ (၂)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက်လည်း ရရှိထားသည်။
သို့ သော် ၎င်းက ယင်းကာလထက် ပိုမိုကြာမြင့်စွာ ရှိနေနိုင်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လက်ရွေးစင်အသင်းမှ စောစီးစွာ ထွက်ခွာခွင့်ရခဲ့ပြီး မန်ယူအသင်းနှင့် ပူးပေါင်းနိုင်ခဲ့သည်။
ထို့နောက် ကြာသပတေးနေ့တွင် မန်ယူအသင်းနှင့် စာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့ပြီး MUTV နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းဖော်ဟောင်း ဝက်စ်ဘရောင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် စီရော်နယ်လ်ဒိုက ''ကျွန်တော် ဒီကို အလည်အပတ်သဘော ပြန်လာတာ မဟုတ်ပါဘူး။ နောက်ထပ် အောင်ပွဲတွေ ထပ်ယူဖို့ ပြန်လာတာပါ။ ဒါက ကျွန်တော့် အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်သလို၊ ပရိသတ်တွေနဲ့ အသင်းအတွက်လည်း အခွင့်အရေးကောင်းပါပဲ။ ဒီအသင်းမှာ (၃)နှစ် ဒါမှမဟုတ် (၄)နှစ်အထိ ကျွန်တော် ဆက်ရှိသွားနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် မန်ယူအသင်းအတွက် ပွဲထွက်ကစားရခြင်းမရှိသေးသော်လည်း ယခုရာသီ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို စိန်ခေါ်နိုင်မည့်သူအဖြစ် ထင်ကြေးပေးခံနေရပြီး လောင်းကစားကုမ္ပဏီများက ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူနှင့် လီဗာပူးလ်တိုက်စစ်မှူး ဆာလာတို့၏နောက် တတိယရေပန်းအစားဆုံးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် ပထမအကြိမ် ကစားခဲ့စဉ်က ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို ၂၀၀၇-၀၈ ရာသီတွင် (၃၁)ဂိုးသွင်းယူကာ တစ်ကြိမ်ရယူနိုင်ခဲ့ဖူးကြောင်း သိရသည်။