Guardian Championship ဂေါ့ဖ်ပြိုင်ပွဲတွင် မြန်မာဂေါ့ဖ်အားကစားမယ် ဖူးပွင့်ရတီခိုင် ယှဉ်ပြိုင်ခွင့်ရကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့ အတည်ပြု

Guardian Championship ဂေါ့ဖ်ပြိုင်ပွဲတွင် မြန်မာဂေါ့ဖ်အားကစားမယ် ဖူးပွင့်ရတီခိုင် ယှဉ်ပြိုင်ခွင့်ရကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့ အတည်ပြု
Photo: Symetra Tour
Photo: Symetra Tour
Published 22 August 2021

 

မြန်မာဂေါ့ဖ်အားကစားမယ် ဖူးပွင့်ရတီခိုင်သည် Symatra Tour ပြိုင်ပွဲဖြစ်သော Guardian Championship ဂေါ့ဖ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းတွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

ဖူးပွင့်ရတီခိုင်သည် မေ ၃ ရက်မှ ၅ ရက် အထိ ကျင်းပသော PGA Works Collegiate Championship Women's ဂေါ့ဖ် ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိသဖြင့် ယခုပြိုင်ပွဲကို လက်ရည်စစ်ပွဲအောင်မြင်ပြီး ယှဉ်ပြိုင်ခွင့်ရခဲ့ ခြင်းဖြစ်သည်။ ဖူးပွင့်ရတီခိုင် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့်  PGA Works Collegiate Championship Women's ဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များမှ ဖိတ်ကြားထားသည့် အမျိုးသမီးဂေါ့ဖ်ကစာသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းက သုံးရက်ပေါင်းရိုက်ချက် ၂၁၈ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်ပိုရိုက်ကာ ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။ 

ပြိုင်ပွဲကျင်းပရေးအဖွဲ့သည် လက်ရည်စစ်ပွဲအောင်မြင်ထားသည့် ကစားသမားများကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်အတည်ပြုခဲ့ပြီး ဖူးပွင့်ရတီခိုင်အနေဖြင့် စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် Guardian Championship ဂေါ့ဖ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ ယင်းပြိုင်ပွဲ တွင် ဆုကြေးစုစုပေါင်း ဒေါ်လာ ၁၇၅၀၀၀ ချီးမြှင့်မည်ဖြစ်ပြီး သုံးရက်ကြာကျင်းပမည့် ပြိုင်ပွဲဖြစ်သည်။ Symatra Tour မှာ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး အမျိုးသမီးဂေါ့ဖ်ပြိုင်ပွဲဖြစ်သော LPGA Tour လက်အောက်ရှိ ပြိုင်ပွဲတစ်ခုဖြစ်ပြီး လူငယ်အမျိုးသမီးဂေါ့ဖ်အားကစား သမားများအတွက် ကျင်းပပေးသည့် ပြိုင်ပွဲ ဖြစ်သည်။ 

ဖူးပွင့်ရတီခိုင်သည် အမေရိကန် နိုင်ငံရှိ University of North Carolina Wilmington (UNCW) တွင် ပညာသင် ကြားနေသူဖြစ်ပြီး ဂေါ့ဖ်ပြိုင်ပွဲများတွင် အခါအားလျော်စွာ ယှဉ်ပြိုင်လျက်ရှိသလို Symatra Tour ပြိုင်ပွဲများတွင်လည်း ယှဉ်ပြိုင်ခွင့် ရထားသည်။ ဖူးပွင့်ရတီခိုင်သည် ၂၀၁၉ ခုနှစ် ကကျင်းပသည့် CAA Women's Golf Championship ပြိုင်ပွဲတွင်လည်း ချန်ပီယံ ဆုရရှိထားသည်။ ဖူးပွင့်ရတီခိုင်သည် မြန်မာ့ လက်ရွေးစင် ဂေါ့ဖ်ကစားသမားတစ်ဦးဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ် စားပြု ဝင်ရောက်ယှဉ်ပြိုင်ထားကြောင်း သိရသည်။ 

ထို့ပြင် ဖူးပွင့်ရတီခိုင်သည် အာရှ အဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ Symatra Tour ပြိုင်ပွဲများအဖြစ် နှစ်စဉ် ပြိုင်ပွဲစုစုပေါင်း ၂၀ ဝန်းကျင် ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် ၁၀ ပွဲအထက် ကျင်းပ နိုင်ရန် စီစဉ်ထားသည်။ Symatra Tour ပြိုင်ပွဲများတွင်  အမေရိကန်နှင့် အနီးပတ်ဝန်း ကျင်နိုင်ငံများရှိ အမျိုးသမီးဂေါ့ဖ်ကစားသမားများ ပုံမှန်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent