■ ဟာရီကိန်းကို ဆက်ထိန်းထားနိုင်ဖွယ်ရှိဟု စပါးနည်းပြ နူနိုဆန်တို အရိပ်အမြွက်ဆို

■ ဟာရီကိန်းကို ဆက်ထိန်းထားနိုင်ဖွယ်ရှိဟု စပါးနည်းပြ နူနိုဆန်တို အရိပ်အမြွက်ဆို
Photos : Daily Mail, Harry Kane Facebook
Photos : Daily Mail, Harry Kane Facebook
Published 17 August 2021

တနင်္ဂနွေနေ့က မန်စီးတီးအသင်းအား အနိုင်ရသည့်ပွဲတွင် ဟာရီကိန်း မပါဝင်သော်လည်း ယခုအပြောင်းအရွှေ့ကာလ၌ ၎င်းအား မရောင်းချဘဲ ဆက်ထိန်းထားဖွယ်ရှိကြောင်း စပါးအသင်းနည်းပြ နူနိုဆန်တိုက အရိပ်အမြွက် ပြောကြားသည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းနှင့် အိမ်ကွင်းပွဲစဉ်ကစားရာ အဓိကတိုက်စစ်မှူး ဟာရီကိန်းကို လူစာရင်းမှာပင် ထည့်သွင်းထားခြင်းမရှိသော်လည်း ဒုတိယပိုင်းတွင် ဆွန်ဟောင်မင်သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

ဟာရီကိန်းသည် ယခုနွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြား ထားပြီး မန်စီးတီးအသင်းက စိတ်ဝင်စားနေသလို ၎င်းကိုယ်တိုင်ကလည်း ပြောင်းရွှေ့ရန်ဆန္ဒရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

၎င်းသည် အသင်းနှင့်ပြန်လည်ပူးပေါင်းရမည့်အချိန်ထက် ငါးရက်ခန့်နောက်ကျ၍ သောကြာနေ့မှ ပြန်လည်ရောက်ရှိလာပြီး ပွဲကစားရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သော်လည်း နည်းပြ နူနိုက လူစာရင်းမှာပင် ထည့်သွင်းခြင်းမရှိဘဲ ချန်လှပ်ခဲ့သည်။

ထို့ပြင် စပါးအသင်းပရိသတ်များက ပွဲပြီးခါနီးတွင် ၎င်းအား ရည်ရွယ်၍ ''ဟာရီကိန်းရေ မင်းကြည့်နေလား''ဟု အော်ဟစ်လှောင်ပြောင်ခဲ့ကြောင်း သိရသည်။

သို့သော် နူနိုက '' နောက်ကျနေတာကတော့ ဒီကိစ္စတွေအားလုံးပါပဲ။ ဟာရီအနေနဲ့ လေ့ကျင့်မှုတွေလုပ်ဖို့ လိုသေးတယ်လို့ ကျွန်တော် ထင်တယ်။ ဒီနေ့မှာ သူလေ့ကျင့်ခဲ့ပါတယ်။ အသင်းကို အကူအညီပေးနိုင်တဲ့အထိ သူဆက်ပြီးလေ့ကျင့်သွားမှာပါ။ အကြိမ် တော်တော်များများ မလုပ်ထားတဲ့ ကစားသမားတွေအနေနဲ့ လေ့ကျင့်ဖို့ လိုပါတယ်။  ပွင့်ပွင့်လင်းလင်းပြောရရင် ဟာရီကိန်းက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့အသင်းမှာ သူရှိနေတာ အရမ်းကံကောင်းပါတယ်။ သူ့အနေနဲ့ အဆင်သင့်ဖြစ်တာနဲ့ အသင်းအတွက် ကူညီပေးသွားမှာပါ။ သူက ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်နေပါတယ်။ အဆင်သင့်ဖြစ်တဲ့အခါကျရင် အသင်းဆီ သူပြန်ရောက်လာပြီး အကူအညီပေးသွားမှာပါ။ ကျွန်တော်တို့ ပေါ်တူဂီကို (ယူရိုပါကွန်းဖရန့်လိဂ်ကစားရန်) သွားဖို့ရှိပါတယ်။ ပြီးသွားမှ ဝုလ်ဗ်နဲ့ပွဲအကြောင်း စဉ်းစားပါမယ်''ဟု ပြောကြားသည်။

Most Read

Most Recent