ရိုးမားအသင်းတိုက်စစ်မှူး ဂျက်ကိုသည် အသင်းပရိသတ်များ တားဆီးနေသည့်ကြားမှ သြဂုတ်လ (၁၁)ရက်နေ့က မီလန်မြို့သို့ သွားရောက်ခဲ့ပြီး အင်တာမီလန်အသင်းတွင် ဆေးစစ်ဆေးမှုခံယူခဲ့ကြောင်း သိရှိရသည်။
အသက် (၃၅)နှစ်အရွယ်ရှိ ဘော့စနီးယားဝါရင့်တိုက်စစ်မှူး ဂျက်ကိုသည် ၂၀၁၅ နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်းမှ ရိုးမားအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၆၀)တွင် (၁၁၉)ဂိုးအထိ သွင်းယူပေးထားသည်။
ရိုးမားအသင်းနှင့်ချုပ်ဆိုထားသည့် ဂျက်ကို၏စာချုပ်မှာ ၂၀၂၂ ဇွန်လ (၃၀)ရက်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
သို့သော် ဂျက်ကိုသည် လက်ရှိတွင် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး သြဂုတ်လ (၁၁)ရက်တွင် မီလန်မြို့သို့သွားရောက်ကာ အင်တာမီလန်အသင်းတွင် ဆေးစစ်ဆေးမှုခံယူခဲ့ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဂျက်ကိုသည် အင်တာမီလန်နှင့် ဆေးစစ်ဆေးမှုမခံယူမီ သြဂုတ် (၁၀)ရက်တွင် ရိုးမားအသင်း၏ လေ့ကျင့်ရေးကွင်း Trigoria သို့ ရောက်ရှိလာခဲ့ရာ အသင်းပရိသတ်များက ၎င်းကို အသင်းမှ မထွက်ခွာရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
အီတလီ အားကစားဂျာနယ်လစ် ဒန်နီလီမာရီက သူ၏ Twitter တွင် Trigoria လေ့ကျင့်ရေးကွင်းသို့ ဂျက်ကို လာရောက်ခဲ့သည့် ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။
ယင်းဗီဒီယိုဖိုင်တွင် ကားပေါ်မှဆင်းလာသည့် ဂျက်ကိုကို ရိုးမားအသင်းပရိသတ်များက ''အီဒင်(ဂျက်ကို)'' ဟု ခေါ်ခဲ့ရာ ဂျက်ကိုက ၎င်းတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ပြန်လည်လက်ပြနှုတ်ဆက်ခဲ့သည်။
ယင်းသို့ ဂျက်ကို လက်ပြနှုတ်ဆက်ချိန်တွင် ရိုးမားပရိသတ်တစ်ဦးက ''ရိုးမားအသင်းနဲ့ စာချုပ်သစ်ချုပ်လိုက်ပါ။ အင်တာမီလန်အသင်းကို မသွားပါနဲ့။ (တကယ်လို့ အင်တာမီလန်ကို သွားမယ်ဆိုရင်) လေဆိပ်ကိုလာပြီး ခင်ဗျားကို ဒီနေရာသို့ ပြန်ဆွဲခေါ်ရပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။
ယင်းပြောကြားချက်ကို ဂျက်ကိုအနေဖြင့် တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
သို့သော် နောက်တစ်ရက်အကြာဖြစ်သည့် သြဂုတ်လ (၁၁)ရက်တွင် ဂျက်ကိုသည် ရိုးမားပရိသတ်များ၏ တောင်းဆိုမှုကို မျက်ကွယ်ပြုကာ အင်တာမီလန်အသင်းနှင့် ဆေးစစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်သည်။
အင်တာမီလန်အသင်းသည် ဂျက်ကိုကို (၂) နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။















