ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်းသို့ ပြောင်းရွှေ့ကစားနေသည့် မြန်မာ့လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းသည် ရာသီကြိုခြေစမ်းပွဲတွင် အနိုင်ဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
ထရတ်အသင်းသည် ရာသီကြိုခြေစမ်းပွဲအဖြစ် ထိုင်းလိဂ်-၃ ကလပ် Kohkwang အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၆-၁) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတွင် နောက်ခံလူ ဇော်မင်းထွန်းမှာ ပွဲထွက်လူစာရင်း၌ ပါဝင်ကစားခွင့်ရခဲ့ပြီး ပထမနှင့် တတိယအနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဇော်မင်းထွန်းသည် ဂိုးများကို ၅၊ ၅၆ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
ဇော်မင်းထွန်းသည် ပြီးခဲ့သည့်ရာသီကုန်တွင် ဆူခိုထိုင်းအသင်းနှင့် လမ်းခွဲပြီးနောက် ထိုင်းလိဂ်-၂ ထရတ်အသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ဇော်မင်းထွန်းသည် ယခုနှစ်လယ်ပိုင်းကတည်းက ထရတ်အသင်းနှင့် ပူးပေါင်းခဲ့ပြီး ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်ကစားလျက်ရှိသည်။

ဇော်မင်းထွန်းသည် ၂၀၁၉ ခုနှစ်မှစတင်ကာ ထိုင်းကလပ်အသင်းများတွင် သွားရောက်ကစားခဲ့ပြီး ၂၀၁၉ ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် ချောင်ဘူရီအသင်း၊ ၂၀၂၀-၂၀၂၁ ရာသီတွင် ထိုင်းလိဂ်-၁ ဆူခိုထိုင်းအသင်းတွင် ကစားခဲ့ပြီး ၂၀၂၁-၂၀၂၂ ရာသီတွင် ထိုင်း လိဂ်-၂ ကလပ် ထရတ်အသင်း၌ ကစားမည် ဖြစ်သည်။
ဇော်မင်းထွန်းသည် ယခင်က ထိုင်း လိဂ်-၁ ကလပ်အသင်းများတွင်သာ ပါဝင်ကစားခဲ့သော်လည်း ယခုရာသီတွင် ထိုင်းလိဂ် -၂၌ ပထမဆုံးကစားမည်ဖြစ်သည်။
ထိုင်းလိဂ်-၂ ကလပ် ဖာရေးယူနိုက်တက်အသင်းတွင် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုလည်း ပါဝင်ကစားလျက်ရှိကြောင်း သိရသည်။















