အွန်လိုင်းမှ လူမျိုးရေးခွဲခြားသူများအား ဘောလုံးပွဲကြည့်ရှုခွင့် (၁၀) နှစ်ပိတ်ပင်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကြေညာ

အွန်လိုင်းမှ လူမျိုးရေးခွဲခြားသူများအား ဘောလုံးပွဲကြည့်ရှုခွင့် (၁၀) နှစ်ပိတ်ပင်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကြေညာ
Photo: Getty Images
Photo: Getty Images
Published 16 July 2021

ယူရို-၂၀၂၀ ဗိုလ်လုပွဲအပြီးတွင် အင်္ဂလန်လက်ရွေးစင်ကစားသမားများ လူမျိုးရေး ခွဲခြားခံခဲ့ရသဖြင့် အွန်လိုင်းမှ လူမျိုးရေးခွဲခြား သူများအား ဘောလုံးပွဲကြည့်ရှုခွင့် (၁၀)နှစ်ပိတ်ပင်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    

ဇူလိုင် (၁၁) ရက်က လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ကျင်းပသည့် ယူရို-၂၀၂၀ ဗိုလ် လုပွဲတွင် ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုနှင့် ဆာကာတို့သုံးဦး ပယ်နယ်တီလွဲချော်ခဲ့ပြီးနောက် အွန်လိုင်းမှတစ်ဆင့် လူမျိုးရေးခွဲခြားမှုများ ပြုလုပ်ခံခဲ့ရသည်။ 

အွန်လိုင်းမှ လူမျိုးရေးခွဲခြားမှုပြုလုပ်သူများအနက် အသက်(၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သလို ယင်းကဲ့သို့ ကျူးလွန်သူများအား ရာသက်ပန် ဘောလုံးပွဲကြည့်ရှုခွင့် ပိတ်ပင်ရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) နှင့် ဗြိတိန်အစိုးရထံ လက်မှတ်ရေးထိုးတောင်းဆိုမှုမှာလည်း လက်မှတ်အရေအတွက် တစ်သန်းကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။ 

သို့ဖြစ်ရာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က  "တနင်္ဂနွေနေ့ပွဲအပြီးမှာ ကျွန်တော်တို့ဘောလုံးသမားတွေကို ရည်ရွယ်တဲ့ စက်ဆုပ်ရွံရှာဖွယ် အလွဲသုံးစားလုပ်မှုတွေကြောင့် တော်တော်အံ့အားသင့်မိပါတယ်။ အွန်လိုင်းကတစ်ဆင့် လူတွေကို အနိုင်ကျင့်တာ၊ လှည့်စားတာတွေကနေ ကာကွယ်ပေးနိုင်ဖို့ ပိုပြီးလုပ်ရပါမယ်။ ဥပဒေသစ်အရ လူမှုမီဒီယာကုမ္ပဏီတွေအနေနဲ့ တာဝန်ယူမှုလုပ်ရပါမယ်။ ဒီအပြုအမူတွေ ဆက်ရှိနေသေးရင် အရေးယူတာ ဒါမှမဟုတ် ဒဏ်ငွေချမှတ်တဲ့ပြစ်ဒဏ်မျိုး ခံရပါမယ်။ အွန်လိုင်းအလွဲသုံးစားပြုလုပ်သူတွေကို ရှာဖွေအရေးယူနိုင်ဖို့အတွက် ရဲတပ်ဖွဲ့အာဏာပိုင်တွေ၊ ဘောလုံးလောကအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ သူတို့အနေနဲ့ အဲဒီပြစ်မှုတွေကျူးလွန်တယ်ဆိုရင် လမ်းမပေါ်တွေမှာ ကျူးလွန်ရင် အရေးယူတဲ့ပုံစံအတိုင်း ဘောလုံးပွဲကြည့်ရှုခွင့် ပိတ်ပင်သွားမှာပါ။ အင်္ဂလန်အသင်းက ကျွန်တော်တို့ နိုင်ငံအတွက် အကောင်းဆုံး ကိုယ်စားပြုပေးနေတာပါ။ တနင်္ဂနွေနေ့ညမှာ မြင်ခဲ့ရတဲ့ လူမျိုးရေးခွဲခြားတဲ့ လုပ်ရပ်တွေကို ကျွန်တော် ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်"ဟု ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။

အင်္ဂလန်နိုင်ငံ၏ ဥပဒေအရ ဘောလုံးကွင်းအတွင်း သို့မဟုတ် လူအုပ်အတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်း၊ လူမျိုးရေးခွဲခြားမှုပြုလုပ်ခြင်း ကျူးလွန်ပါက (၃)နှစ်မှ (၁၀)နှစ်အထိ ပွဲကြည့်ရှုခွင့်ပိတ်ပင်သည့်ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရသည်။ 

သို့သော် ဝန်ကြီးချုပ်၏ ထုတ်ပြန်မှုအပေါ် ဝေဖန်မှုများရှိနေပြီး လေဘာပါတီခေါင်းဆောင်ဖြစ်သူ ကီယာစတာမာကမူ အစိုးရအနေဖြင့် အရေးယူမည်ဆိုသည့် ကတိသာ ပေးနိုင်ကြောင်း၊ ဝန်ကြီးချုပ်အနေဖြင့် လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးသင်္ကေတကို နိုင်ငံရေးတံဆိပ်ကပ်ရန်ကြိုးပမ်းနေကြောင်း ဝေဖန် ပြောကြားထားသည်။

Most Read

Most Recent