■ ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ပြီးခဲ့သည့်ပြိုင်ပွဲထက် ဆုကြေး(၂၃%)တိုးမြှင့်ပေးခဲ့ပြီး ချန်ပီယံ အီတလီအသင်း ဆုကြေး ယူရို(၃၄)သန်း ရရှိခဲ့

■ ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ပြီးခဲ့သည့်ပြိုင်ပွဲထက် ဆုကြေး(၂၃%)တိုးမြှင့်ပေးခဲ့ပြီး ချန်ပီယံ အီတလီအသင်း ဆုကြေး ယူရို(၃၄)သန်း ရရှိခဲ့
Published 13 July 2021

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ပြီးခဲ့သည့်ယူရို-၂၀၁၆ ပြိုင်ပွဲထက် ဆု ကြေး(၂၃%) တိုးမြှင့်ပေးခဲ့ပြီး ချန်ပီယံ အီတလီအသင်းအနေဖြင့် ဆုကြေးယူရို(၃၄)သန်းရရှိခဲ့ကြောင်း သိရသည်။

UEFA သည် ယူရို-၂၀၂၀ ပြိုင်ပွဲအတွက်ချီးမြှင့်မည့် ဆုကြေးသတ်မှတ်မှုကို ၂၀၁၈ ဖေဖော်ဝါရီလကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဝင်ငွေများ လျော့ကျခဲ့သော်လည်း ဆုကြေးနှုန်းထားကို လျှော့ချခြင်းမပြုဘဲ သတ်မှတ်ထားသည့်အတိုင်း ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဆုကြေးနှုန်းထားမှာ ယူရို-၂၀၁၆ ပြိုင်ပွဲနှင့်နှိုင်းယှဉ်ပါက အဆင့်တိုင်းတွင် မြင့်တက်လာခဲ့သလို၊ စုစုပေါင်းပမာဏတွင်လည်း (၆၇)သန်းအထိ ပိုမို များပြားလာခဲ့သည်။

ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ယှဉ်ပြိုင်ခွင့်ရသည့်အသင်းတိုင်း ယူရို (၉.၂၅)သန်း စတင်ရရှိပြီး အုပ်စုအဆင့်၌ နိုင်ပွဲတစ်ပွဲလျှင် ယူရို(၁.၅)သန်း၊ သရေကျလျှင် ယူရို(၇၅၀၀၀၀)ချီးမြှင့်ခဲ့သည်။

ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပါက ယူရို(၂)သန်း၊ ကွာတားဖိုင်နယ်ရောက်ရှိခဲ့ပါက ယူရို(၃.၂၅)သန်း၊ ဆီမီးဖိုင်နယ်ရောက်ရှိပါက ယူရို(၅)သန်း၊ ဗိုလ်လုပွဲတွင် ရှုံးနိမ့်သည့်အသင်းက ယူရို(၇)သန်းနှင့် ချန်ပီယံဖြစ်သည့်အသင်းက ယူရို(၁၀) သန်းရရှိသည်။

ထို့ကြောင့် အုပ်စုတွင်း၌ ရာနှုန်းပြည့်နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော ချန်ပီယံ အီတလီအသင်းသည် စုစုပေါင်းဆုကြေး ယူရို(၃၄)သန်းအထိ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော ပေါ်တူဂီအသင်းမှာ ယူရို(၂၅.၅) သန်းသာရရှိခဲ့သည့်အတွက် အီတလီအသင်းသည် ပြီးခဲ့သည့်ချန်ပီယံအသင်းထက် ယူရို(၈.၅)သန်း ပိုမိုရရှိခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် ပုံမှန်အားဖြင့် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များသည် ကစားသမားများကို ရရှိသည့်ဆုကြေး၏ (၄၀%)သာ ခွဲဝေပေးသည့်အတွက် အီတလီကစားသမားများအနေဖြင့် တစ်ဦးလျှင် ဆုကြေးယူရို(၅၀၀၀၀၀)ဝန်းကျင်သာ ရရှိမည်ဖြစ်ကြောင်း The Athletic သတင်းစာက ဖော်ပြခဲ့သည်။

အင်္ဂလန်ကစားသမားများမှာမူ ပြိုင်ပွဲမတိုင်မီကတည်းက ယခုပြိုင်ပွဲမှရရှိမည့်ဆုကြေးများကို ကျန်းမာရေးရန်ပုံငွေအဖြစ် လှူဒါန်းသွားရန်စီစဉ်ခဲ့ကြောင်း သိရသည်။

ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဆုကြေးအနည်းဆုံးရရှိခဲ့သည့်အသင်းများမှာ အုပ်စုတွင်း၌ (၃)ပွဲစလုံးရှုံးနိမ့်ခဲ့သည့် တူရကီနှင့် မြောက်မက်ဆီဒိုးနီးယားအသင်းတို့ ဖြစ်ပြီး ခြေစစ်ပွဲအောင်အသင်းတိုင်းရရှိသည့် ဆုကြေး ယူရို(၉.၂၅)သန်းစီဖြင့်သာ ကျေနပ်ခဲ့ရသည်။

ယူရို-၂၀၂၀ ပြိုင်ပွဲနှင့်အပြိုင် ကျင်းပခဲ့သည့် ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲမှာမူ ယူရိုနှင့်နှိုင်းယှဉ်ပါက အလွန်နည်းပါးသည့်ဆုကြေးသာ ရရှိခဲ့ကြောင်း သိရသည်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲ၌ ယမန်နှစ်ပြိုင်ပွဲအတိုင်းသာ ဆုကြေးချီး မြှင့်ခဲ့ပြီး ချန်ပီယံ အာဂျင်တီးနားအသင်းက ဆုကြေးဒေါ် လာ(၆.၅)သန်း၊ ဒုတိယရရှိသည့် ဘရာဇီးလ်အသင်းက ဆုကြေးဒေါ်လာ(၃.၅)သန်း၊ တတိယ ကိုလံဘီယာအသင်း က ဆုကြေးဒေါ်လာ(၃)သန်း၊ စတုတ္ထ ပီရူးအသင်းက ဆုကြေးဒေါ်လာ(၂.၅)သန်းရရှိပြီး စုစုပေါင်းဆုကြေး ဒေါ်လာ (၁၉.၅)သန်းသာ ချီးမြှင့်ခဲ့ကြောင်း AS သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent