အင်္ဂလန်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိသာ ကိုင်တွယ်သွားလိုသည်ဟု ဆောက်ဂိတ် ဖွင့်ဟပြောကြား

အင်္ဂလန်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိသာ ကိုင်တွယ်သွားလိုသည်ဟု ဆောက်ဂိတ် ဖွင့်ဟပြောကြား
Photo: UEFA
Photo: UEFA
Published 13 July 2021

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က အင်္ဂလန်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိသာ ကိုင်တွယ်သွားလိုသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

ဆောက်ဂိတ်၏ အင်္ဂလန်အသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ချန်ပီယံဆုရယူနိုင်လိမ့်မည်ဟု ထင်ကြေးပေးခံခဲ့ရသော်လည်း နောက်ဆုံးဗိုလ်လုပွဲတွင် အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီး ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

ထို့ကြောင့် ယင်းပွဲမှ လူထုတ်ပုံ၊ လူစားလဲပုံ၊ ပယ်နယ်တီကန်ရန် ကစားသမားရွေးချယ်ပုံတို့နှင့်ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)၏ အမှုဆောင်ချုပ် ဘူလင်ဟမ်ကမူ ယူရို-၂၀၂၄ ပြိုင်ပွဲအထိ သက်တမ်းတိုးရန် လိုလားနေကြောင်း သိရသည်။

ဆောက်ဂိတ်၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိဖြစ်ပြီး မူလက ၎င်းကိုယ်တိုင် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆန္ဒရှိခဲ့သော်လည်း ယခုအခါ ယူရိုကျရှုံးမှုကြောင့် သဘောထားပြောင်းသွားခြင်းဖြစ်နိုင်ကြောင်း သိရသည်။

စာချုပ်သက်တမ်းတိုးရန် အခြေအနေနှင့် ပတ်သက်၍ မေးမြန်းမှုကို ဆောက်ဂိတ်က ''လက်ရှိအချိန်မှာ ကျွန်တော် ဒီအကြောင်း မတွေးချင်သေးပါဘူး။ ကျွန်တော် အနားယူဖို့လည်း လိုအပ်နေပါတယ်။ ပြီးတော့ နောက်ထပ်သက်တမ်းရှည်လက်တွဲဖို့လည်း မလိုလားပါဘူး။ ဒါက ငွေကြေးကြောင့် မဟုတ်ပါဘူး။ ကျွန်တော် ဒီအသင်းကို ကာတာကမ္ဘာ့ဖလားဆီ ခေါ်ဆောင်သွားချင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

အင်္ဂလန်ကစားသမားများကမူ ၎င်းကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် လိုလားနေကြောင်းလည်း သိရသည်။

Most Read

Most Recent