စီးပွားရေးကြီးထွားမှုနှေးကွေးလာခြင်း၊ ကုန်ထုတ်လုပ်ငန်းများ ဆက်လက်ကျဆင်းနေခြင်းနှင့် မြန်မာ့စီးပွားရေး၏ လက်ရှိအနေအထား

စီးပွားရေးကြီးထွားမှုနှေးကွေးလာခြင်း၊ ကုန်ထုတ်လုပ်ငန်းများ ဆက်လက်ကျဆင်းနေခြင်းနှင့် မြန်မာ့စီးပွားရေး၏ လက်ရှိအနေအထား
ရန်ကုန်မြို့အတွင်း ပါဆယ်စနစ်ဖြင့် ရောင်းချနေသည့် ဆိုင်အချို့ကို ယခင် COVID-19 Second Wave ကာလက တွေ့ရစဉ် (ဓာတ်ပုံ - သိင်္ဂီဝင်းထွန်း)
ရန်ကုန်မြို့အတွင်း ပါဆယ်စနစ်ဖြင့် ရောင်းချနေသည့် ဆိုင်အချို့ကို ယခင် COVID-19 Second Wave ကာလက တွေ့ရစဉ် (ဓာတ်ပုံ - သိင်္ဂီဝင်းထွန်း)
Published 4 July 2021
နီလာ

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ တစ်ရက်ထက်တစ်ရက်  များပြားလာမှုနှင့်အတူ ကိုဗစ်တတိယလှိုင်းအန္တရာယ်က  ခြိမ်းခြောက်လျက်ရှိသည်။

ကိုဗစ်တတိယလှိုင်း ရင်ဆိုင်လာရမှုသည် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းဒဏ်ကို အလူးအလဲခံစားခဲ့ရသည့် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းများအပေါ် စိန်ခေါ်မှုကြီးစွာ ရှိနေသည်။

လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများ၊ ဘဏ်လုပ်ငန်းအခက်အခဲများ၊ ငွေသားထုတ်ယူမှုအပေါ်  ရာခိုင်နှုန်းပေး၍ ထုတ်ယူနေရသည့်အခြေအနေများက စီးပွားရေးလုပ်ငန်းများ လည်ပတ်ရာတွင် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့ကြသည်။

အခြားတစ်ဖက်တွင် မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသည့် အခြေအနေများ ၊ ကုန်ကြမ်းများရရှိမှု အခက်အခဲများဖြစ်ပေါ်လာခြင်း၊ ကုန်ချောထုတ်လုပ်ရန် ခက်ခဲမှုများ ဖြစ်ပေါ်လာခြင်း၊ ငွေကြေးလည်ပတ် စီးဆင်းမှုအခက်အခဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လာရောက်လုပ်ကိုင်နေကြသည့် လုပ်ငန်းအချို့ လုပ်ငန်းပိတ်သိမ်းရန် ပြင်ဆင်နေကြကြောင်း ယင်းလုပ်ငန်းများက ထုတ်ပြန်ချက်အရ သိရသည်။

(၁)

မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ထုတ်လုပ်မှုနှင့်အော်ဒါအသစ်များ ဆက်လက်ကျဆင်းလာပြီး ဒေါ်လာအတွက် ကျပ်ငွေလဲနှုန်း ကစားမှုများ၊ ကုန်ကြမ်းရှားပါးမှုနှင့် ပို့ဆောင်ခနှုန်းများ မြင့်တက်လာမှုကြောင့် စျေးနှုန်းဆက်လက် မြင့်တက်လာကြောင်း ၂၀၂၁ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်သော နစ်ကေး မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index-ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

ဇွန်လဒေတာက မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းမှ လုပ်ငန်းအခြေအနေများ ထပ်မံဆုတ်ယုတ်လာမှုကို ညွှန်ပြနေသည်။ အထွေထွေကျဆင်းမှုကို မောင်းနှင်ပေးခဲ့သည်မှာ နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် ဆက်လက်ရင်ဆိုင်နေရသည့် လုပ်ငန်းရပ်ဆိုင်းမှုများ၏ ရလဒ်အဖြစ် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ရှေ့ဆက်ကျဆင်းလာမှုများဖြစ်သည်။

စက်ရုံများနှင့် ဖောက်သည်များ၏ လုပ်ငန်းအများအပြားကို ပိတ်မြဲပိတ်ထားကြရာ အလုပ်နေရာများနှင့် ဝယ်ယူမှုများကို ကျဆင်းလာစေခဲ့သည်။ ယင်းကာလအတွင်း ဒေါ်လာအတွက် ကျပ်ငွေနှုန်းကစားမှုများ၊ ကုန်ကြမ်းရှားပါးမှုများနှင့် ပို့ဆောင်ခနှုန်းများ မြင့်တက်လာမှုကြောင့် စျေးနှုန်းများ ဆက်မြင့်တက်လာနေကြောင်း ပါဝင်ဖြေကြားခဲ့သူတို့က မကြာခဏထောက်ပြခဲ့ကြသည်။

“ဇွန်လဒေတာက ရောင်းစျေးများနဲ့ ထုတ်ကုန်စျေးနှုန်းများ လျင်မြန်စွာ မြင့်တက်လာမှုကို ဖော်ပြနေသည်။ စရိတ်စက မြင့်တက်လာမှု၏ အကြောင်းရင်းမှာ ပို့ဆောင်ခများနှင့် ကုန်ကြမ်းစျေးနှုန်းများ ဆက်လက်မြင့်တက်လာနေခြင်းနဲ့ ဒေါ်လာကျပ်ငွေလဲလှယ်နှုန်း အခြေမသာမှုများကြောင့်ဖြစ်ပါတယ်။ ဒီအတောအတွင်း ငွေသားထုတ်ယူမှုဆိုင်ရာ ကန့်သတ်မှုများကြောင့် သုံးစွဲသူတို့ မကြာခဏဆိုသလို ငွေသားပြတ်တောက်မှုများရှိခဲ့ပြီး ဝယ်လိုအားကို ပျော့လာစေနိုင်ပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။

ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် တစ်ခုတည်းသော ကိန်းဂဏန်းဖြစ်သော အဓိကအကျဆုံး IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းမှာ မေလ၏ ၃၉ ဒသမ ၇ မှ ဇွန်လတွင် ၄၁ ဒသမ ၅ သို့ မြင့်တက်လာခဲ့ခြင်းက ထုတ်လုပ်မှုလုပ်ငန်း အခြေအနေများ ၁၀ လမြောက် ဆက်တိုက်ကျဆင်းမှုကို ညွှန်ပြနေသည်။

သို့သော်လည်း နောက်ဆုံးဆုတ်ယုတ်မှုမှာ ဇန်နဝါရီလမှစပြီး အညင်သာဆုံးဖြစ်ခဲ့ကာ PMI သည် မတ်လမှစ၍ လစဉ်မြင့်လာခဲ့သည်။

မြန်မာနိုင်ငံတွင်း ကုန်စည်ထုတ်လုပ်သူတို့၏ ထုတ်လုပ်မှုပမာဏများမှာ ဇွန်လတွင် ထပ်မံကျဆင်းခဲ့သော်လည်း မသိမသာအား ပျော့ခဲ့သည့်နှုန်းဖြင့်ဖြစ်သည်။ ယင်းကျဆင်းမှုမှာ ခြုံပြောရရင် သိသာခဲ့သော်လည်း  ငါးလအတွင်း အားအပျော့ဆုံးဖြစ်သည်။ ပါဝင်ဖြေဆိုကြသူတို့၏ အဆိုအရ စက်ရုံများပိတ်ထားရမှုများနှင့် ဝယ်လိုအားကျလာခြင်းက ထုတ်လုပ်မှုပမာဏများအပေါ်ဆက်ပြီး သက်ရောက်ခဲ့သည်။

ဒုတိယသုံးလပတ်၏ အဆုံးပိုင်းတွင် ပြည်တွင်းဝယ်လိုအားဆက်ပြီး အားနည်းမြဲနည်းနေခဲ့ပြီး အော်ဒါအသစ်များမှာ အရှိန်ဖြင့်တစ်ဟုန်ထိုး ကျဆင်းလာခဲ့သည်။ကျဆင်းမှုကို ငွေသားပြတ်တောက်မှုများနှင့် စျေးနှုန်းများ မြင့်တက်လာမှုကို ပူးတွဲညွှန်ပြလျက် ဆက်စပ်ဖော်ပြကြသည်။ ခြုံပြောရလျှင် လက်ရှိကျဆင်းမှုှုနှုန်းမှာ စစ်တမ်း၏ ငါးနှစ်ခွဲကြာ သမိုင်းအတွင်းမှာ အများဆုံးတစ်ခု ဖြစ်သည်။

လုပ်သားအင်အား အရေအတွက်မှာ တစ်ဟုန်ထိုးဆက်ကျဆင်းလာခဲ့ပြီး ပါဝင်ဖြေကြားသူတို့က အလုပ်သမားများ ၎င်းတို့ဇာတိနေရပ်များသို့ ဆက်ပြန်နေကြခြင်းကို ထောက်ပြကြသည်။ ဝယ်လိုအား ကျလာခြင်းနှင့် မိမိဆန္ဒအလျောက် အလုပ်မှနုတ်ထွက်မှုများကိုပါ ညွှန်ပြကြသည်။

ဝယ်လိုအား ပျော့လာခဲ့သည့်တိုင်အောင် ကုန်ကြမ်းရှားပါးမှုများနှင့်စက်ရုံများ ပိတ်ထားရခြင်းကြောင့် ဇွန်လတွင် လက်ထဲကျန်ရစ်ခဲ့သည့် လက်ကျန်အလုပ်များ သိသာစွာမြင့်တက်လာခဲ့သည်။

စျေးနှုန်းများကို လေ့လာကြည့်လျှင် ထုတ်လုပ်မှုစရိတ်များ၏ ဖောင်းပွမှုမှာ မြင့်တက်လာခဲ့သော်လည်း မေလ၏စစ်တမ်း အမြင့်ဆုံးအဆင့်မှ အားပျော့သွားခဲ့သည်။ဖြေကြားခဲ့ကြသူတို့က နိုင်ငံခြားငွေလဲလှယ်နှုန်း ဆိုးရွားလာခြင်း၊ ကုန်ကြမ်းရှားပါးမှုများနှင့် ပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်းကို ဆက်ပြီးထောက်ပြနေကြသည်။ ကုမ္ပဏီများက စရိတ်စကဝန်ထုပ်ဝန်ပိုး တစ်စိတ်တစ်ဒေသကို လွှဲချပေးခဲ့ကြခြင်းကို အစီရင်ခံခဲ့ကြပြီး ရောင်းချသည့်စျေးနှုန်းများ၏ ဖောင်းပွမှုနှုန်းမှာ ယခုထိစစ်တမ်းအတွင်း ဒုတိယအမြင့်ဆုံးဖြစ်လာသည်။

“သို့တိုင်အောင် နောက်ဆုံးဒေတာထဲမှာ ကောက်နုတ်ယူနိုင်သည့် အပြုသဘောရလဒ်များ ရှိပါတယ်။ ထုတ်လုပ်မှု၊ အလုပ်နေရာများနဲ့ ဝယ်ယူမှုများရဲ့ ကျဆင်းမှုနှုန်းများမှာ ယခုလမှာ အားပျော့လာခဲ့ပြီး ငွေကြေးဖောင်းပွမှုဖိအားများပါ မေလနောက်ပိုင်း အားပျော့လာခဲ့ပါတယ်။ ကုမ္ပဏီများက ဝယ်လိုအား အခြေအနေများ တိုးတက်လာမည်ဟု မျှော်လင့်နေကြသောကြောင့် အကောင်းမြင်မှုမှာ အနည်းငယ်အခြေအနေ ပိုကောင်းလာခဲ့ပါတယ်။လောလောဆယ်မှာ ကုမ္ပဏီတွေအနေနဲ့ ပြည်တွင်း ဝယ်လိုအား ပြန်ကောင်းလာရန်နဲ့ ငွေကြေးဆိုင်ရာ ပြဿနာများ ပြေလည်လာရန် စောင့်မျှော်နေကြပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။

ယခုထုတ်ပြန်ထားသော တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

(၂)

စက်မှုကုန်ကြမ်းဝယ်ယူလိုသော လုပ်ငန်းရှင်များနှင့် လက်လီလက်ကား ရောင်းချသူများအကြား ငွေသားလိုအပ်ချက် မြင့်မားနေသည့်အတွက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများဖြစ်ပေါ်နေသည်ဟု စက်မှုဇုန်လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

“အခုက ကုန်ကြမ်းရောင်းတဲ့သူတွေကလည်း ငွေလိုချင်တယ်။အဲဒီတော့ ငွေမပေးနိုင်တဲ့အတွက် စီးပွားရေးလုပ်တဲ့အခါမှာ အခက်အခဲဖြစ်ကုန်ကြတာပေါ့” ဟု  စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်လာရသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့်  လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများမှာ  လက်ရှိဖြစ်ပေါ်နေဆဲ စီးပွားရေးအကျပ်အတည်းမှ ကျော်လွှားနိုင်မည်လားဆိုသည်ကို လုပ်ငန်းရှင်အများစု စိုးရိမ်လျက်ရှိကြောင်း စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

“စီးပွားရေးဂယက်ကနေ ကျော်နိုင်ပါ့မလားဆိုတာကတော့ လက်ရှိ ၂၀၂၁ အခြေအနေအရ စီးပွားရေးတွေလည်း နည်းနည်းပုံမှန်တော့ရောက်လာပြီ။ ကိုဗစ်ကလည်း နည်းနည်းကန့်သတ်မှုတွေ ဖြေလျှော့ပေးထားတာဆိုတော့။ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် တချို့အဆိုပြုလွှာလေးတွေ ပြန်လာတင်နေကြပြီ။ ဆိုတော့ လုံးဝဆိုးဆိုးရွားရွားကြီးတော့ ဖြစ်မသွားနိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်လသုံးလလောက်ကတော့ အခြေအနေမကောင်းဘူးပေါ့။အခု ဇွန်လဆန်းလောက်ကစပြီး စီးပွားရေးလုပ်ငန်း တော်တော်များများ ပြန်လည်လည်ပတ်လာတယ်။ ရန်ကုန်မှာဆိုလည်း ဆိုင်တော်တော်များများ ပြန်ဖွင့်လာတယ် ကြားတယ်။ အဲဒီတော့ စိန်ခေါ်မှုတွေ ရှိသော်ငြားလည်း စီးပွားရေးတွေ အသက်ပြန်ဝင်လာတယ်။သိပ်တော့ဆိုးဆိုးရွားရွားကြီး ဖြစ်သွားနိုင်စရာမရှိဘူး။၂၀၂၁ ဇွန်လကနေ နှစ်ကုန်အထိပေါ့နော်။ အဲဒီတော့ ကိုဗစ်ကြောင့် ထိခိုက်တာလည်း ပါတယ်။ အခြေအနေက အကောင်းကြီးတော့မဟုတ်ဘူး။ သို့သော် အဆိုးကြီးဖြစ်မသွားဘူး” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်လွှား၌ အလွန်ကြီးမားသည့် စီးပွားရေးတုန်ခါမှုကြီးကို ဖြစ်ပွားစေခဲ့ပြီးဖြစ်သည်။ လုပ်ငန်းကွန်ရက်များ ပြတ်တောက်သွားခြင်းနှင့် Social Distancing နည်းလမ်းကြောင့် အလုပ်များရပ်ဆိုင်းလိုက်ရခြင်းတို့ကြောင့် ဖြစ်သည်။

ကမ္ဘာကြီးသည် ရောဂါကပ်ဘေးကြီးကို  ကျော်လွှားနိုင်ခဲ့ပြီးလျှင်ပင် ပြင်းထန်သည့် စီးပွားရေးပျက်ကပ်ကြီးကို ခံရမည်မှာ သေချာ၍နေလေပြီ။ အဆိုးရွားဆုံးမှာ လူအများ အလုပ်အကိုင်မရှိတော့ဘဲ အလုပ်အကိုင်များ အသည်းအသန် ရှာဖွေနေရတော့မည့် အလုပ်လက်မဲ့ ပြဿနာဖြစ်သည်။

အလုပ်လက်မဲ့နှုန်းက သမိုင်းတစ်လျှောက် မကြုံဖူးသည့်နှုန်းအထိ မြင့်တက်လာပေလိမ့်မည်။ လူအများအလုပ်မရှိဘဲ အလုပ်အကိုင်များ အသည်းအသန်ရှာဖွေနေရသည့်အခါ အလုပ်လက်မဲ့ ပြဿနာ တစ်ရပ်ဖြစ်ပေါ်လာသည်။

အလုပ်လက်မဲ့နှုန်းဟူသည် အလုပ်လက်မဲ့များ ပျံ့နှံနေပုံကို တိုင်းတာချက်တစ်ရပ်ဖြစ်ပြီး အလုပ်လက်မဲ့အရေအတွက်ကို လက်ရှိအလုပ်အကိုင်ရှိသောသူ အရေအတွက်ဖြင့်စားကာ ရာခိုင်နှုန်းရှာထားခြင်းဖြစ်သည်။

စီးပွားရေးပျက်ကပ်ကာလများအတွင်း  စီးပွားရေးအဆောက်အအုံတစ်ခုအနေဖြင့် အလုပ်လက်မဲ့နှုန်းမြင့်မားခြင်းနှင့် ရင်ဆိုင်ရသည်။

Stimulus Package ဟူသည် ယက်ကန်ယက်ကန်ဖြစ်နေသည့် စီးပွားရေးတစ်ရပ်အား လှုံ့ဆော်ရန် အစိုးရက အကောင်အထည်ဖော်သည့် စီးပွားရေးဆိုင်ရာ လုပ်နည်းလုပ်ဟန်များ အပေါင်းအစုတစ်ရပ် ဖြစ်သည်။

Stimulus Package ၏ ရည်ရွယ်ချက်မှာ အလုပ်ခန့်ထားမှုနှင့် သုံးစွဲမှုကို အားပေးမြှင့်တင်ခြင်းဖြင့် စီးပွားရေးပြန်လည်အားကောင်းစေရန်နှင့် စီးပွားရေးပျက်ကပ်ကို ကာကွယ်ရန် သို့မဟုတ် ပြန်လည်နာလန်ထစေရန် ဖြစ်သည်။

Stimulus Package ၏ အသုံးဝင်မှု နောက်ကွယ်မှ သဘောတရားသည် Keynesian စီးပွားရေးပညာ၌ အခြေခံပြီး ယင်းကအစိုးရ၏ သုံးစွဲမှုကို မြှင့်တင်လျက် စီးပွားရေးပျက်ကပ်တစ်ရပ်၏ ရိုက်ခတ်မှုကို လျှော့ချနိုင်သည်ဟု အခိုင်အမာဆိုထားသည်။

Stimulus Package သည် နိုင်ငံတစ်နိုင်ငံကို စီးပွားရေးဆုတ်ယူမှု သို့မဟုတ် စီးပွားရေးပျက်ကပ်မှ ဆွဲထုတ်ရန် သို့မဟုတ် စီးပွားရေးကျဆင်းမှုမှ ကာကွယ်ရန်အစိုးရက သုံးစွဲမှုမြှင့်တင်လျက် ကမ်းလှမ်းသည့် မက်လုံးများစွာနှင့် အခွန်ပြန်အမ်းငွေတို့ဖြစ်သည်။

(၃)

မြန်မာနိုင်ငံတွင် ကိုဗစ်သက်ရောက်မှုကြောင့် ထိခိုက်ခဲ့သည့်လုပ်ငန်းများအတွက် ကိုဗစ်-၁၉ ချေးငွေများ ထုတ်ချေးခြင်း၊ အခွန်နှုန်းထား လျှော့ချပေးခြင်းများ ပြုလုပ်ကာ ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရာရစေရန် ဆောင်ရွက်ခဲ့ကြသည်။

COVID-19 Fund မှ ချေးငွေရယူထားသည့် လုပ်ငန်းရှင်အများစုအနေဖြင့် သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသည့်အတွက် ချေးငွေသက်တမ်းတိုးပေးရန်နှင့် လုပ်ငန်းရှင်အချို့က အတိုးသာဆပ်ခွင့်ပြုပြီး အရင်းအားခေတ္တဆိုင်းငံ့ပေးရန် ကော်မတီသို့ တင်ပြထားကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီမှ သိရသည်။

“လုပ်ငန်းရှင်တွေကို စိစစ်ဖို့အတွက် တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ထားတာရှိတယ်။ ချေးငွေချေးယူထားတဲ့သူတွေကို မြို့နယ်အလိုက်ခေါ်ယူတွေ့ဆုံတာပေါ့နော်။ ပြန်ဆပ်နိုင်မလား၊ မဆပ်နိုင်သေးဘူးလား ခေါ်ယူမေးမြန်းတာတွေရှိတာပေါ့။ အဲဒီချေးငွေတွေကို အတိုင်းအတာတစ်ခုအထိ ပြန်ဆပ်မယ်လို့ပြောတဲ့သူတွေလည်း ရှိပါတယ်။ တချို့လည်း မဆပ်နိုင်သေးတော့ ထပ်ပြီးသက်တမ်းတိုးပေးပါလို့ ပြောတဲ့သူတွေလည်းရှိတယ်။ တချို့ကအတိုးပဲ ဆပ်ခွင့်ပြုပါ။ အရင်းကို ခဏထားပေးပါဦးဆိုပြီး မေတ္တာရပ်ခံတာတွေလည်းရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အစည်းအဝေး မနေ့ကလုပ်တယ်။ တစ်ဖက်မှာ နိုင်ငံတော်က ချေးထားတဲ့ချေးငွေတွေဖြစ်တဲ့အတွက် ပြန်ဆပ်ရမှာရှိတယ်။ သို့သော်လည်း ပြန်ဆပ်နိုင်တဲ့သူရှိတယ်၊ မဆပ်နိုင်သေးတဲ့သူတွေရှိ တယ်။ တချို့လည်း သက်တမ်းတိုးပေးပါ တောင်းဆိုတဲ့သူတွေလည်းရှိတယ်။ ဒီအပေါ်မှာ ဘယ်လိုလုပ်ကြမလဲပေါ့။ နိုင်ငံတော်အတွက်လည်း အကျိုးရှိ၊ လုပ်ငန်းရှင်တွေလည်း အဆင်ပြေအောင် နည်းလမ်းလေးတွေ ရှာနေပါတယ်” ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်းတစ်ရာခိုင်နှုန်း) ဖြင့် COVID-19 Fund မှချေးငွေထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ  ၉ ရက်မှစတင်ဆောင်ရွက်ခဲ့ရာ အစောဆုံးထုတ်ပေးခဲ့သည့် ချေးငွေများမှာ မကြာမီကာလအတွင်း  တစ်နှစ်ပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့်ကာလစေ့ ရောက်တော့မည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၊ သတင်းထုတ်ပြန်ချက်(၁/၂၀၂၀)က ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရာတွင် လုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့် နေ့မှစ၍နောက်ထပ်ခြောက်လသက်တမ်း တိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ COVID-19 Fund မှ ချေးငွေရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလသက်တမ်း တစ်နှစ်စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်ခြောက်လသက်တမ်း တိုးမြှင့်ပေးကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို သက်သာစေရန် ကုစားမှုအစီအစဉ်များအတွက် လမ်းပြမြေပုံအဖြစ် စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (COVID-19 Economics Relief Plan-CERP) ရေးဆွဲထုတ်ပြန်ခဲ့သည်။

COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ ချေးငွေထုတ်ချေးခဲ့မှုတွင် ကျပ် ၁၀၄၉ ဘီလျံနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးခဲ့မှုများ အပါအဝင် ထောက်ပ့ံငွေကျပ် ၉၄၀ ဘီလျံကျော်ဖြင့် စုစုပေါင်း အသုံးစရိတ် ကျပ် ၁၉၈၉ ဘီလျံကျော် သုံးစွဲထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှသိ ရသည်။

ကိုဗစ်ကြောင့် ထိခိုက်မှုများ စတင်ဖြစ်ပွားစဉ်က ယင်းထိခိုက်မှုများကို ကုစားနိုင်ရန်နှင့် လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန်အတွက် ချေးငွေများ ထုတ်ချေးကာ ဖြေရှင်းဆောင်ရွက်ခဲ့ကြသည်။

သို့သော် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေမှာမူ ကပ်ရောဂါကြောင့် ထိခိုက်မှုအပြင် အခြားသော အကျပ်အတည်းများစွာ ရင်ဆိုင်နေရသဖြင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် ခက်ခဲလာခြင်း၊ စက်ရုံအချို့ ပိတ်သိမ်းမှုများ ရှိလာခြင်းဖြစ်ကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများမှ သိရသည်။

“ကိုဗစ်စဖြစ်တော့အစိုးရက ကိုဗစ်ချေးငွေထုတ်ချေးပေးတယ်။ အတိုးတွေလျှော့တယ်။ အခွန်တွေ လျှော့တယ်ပေါ့ဗျာ။ အဲဒီအကြွေးလုပ်ငန်းရှင်တွေ အရင်ပြန်ဆပ်ရဦးမယ်ဗျ။ အခု ကိုဗစ်တတိယလှိုင်းတဲ့ လာပြန်ပြီ။ ဒီကာလမှာ အကျပ်အတည်းက တစ်ခုတည်းမဟုတ်ဘူးဗျ။ စုံနေတာပဲ။ အခု ကျွန်တော်တို့လုပ်ငန်းတွေ ယက်ကန်ယက်ကန် ဖြစ်နေပြီ” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း အများစုအရှုံးပေါ်ခဲ့ကြကြောင်း၊ လက်ရှိအခြေအနေများက စီးပွားရေးကျပ်တည်းလာမှုမှတစ်ဆင့် ပြိုလဲသွားနိုင်မလားဆိုသည်ကိုပင် စိုးရိမ်နေကြကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက ပြောကြားခဲ့ကြသည်။

“အခု ဘဏ်တွေက ငွေထုတ်မရတဲ့အခါ ငွေကြေးအခက်အခဲတွေကြောင့် ပိတ်ရတော့မယ့် လုပ်ငန်းတွေရှိတယ်ဗျ။ အဓိက ဝန်ထမ်းလစာပေးဖို့ကိုတောင် ဘဏ်ကငွေ ထုတ်မရရင်၊ လစာပေးလို့မရရင် စက်ရုံတွေ ကျိန်းသေပိတ်ရတော့မယ်။ တခြားကုန်ကြမ်းဝယ်ဖို့ ၊ လုပ်ငန်းလုပ်ဖို့ဆိုတာတွေမပါသေးဘူးနော်။ ဘဏ်နဲ့ငွေကြေးအခက်အခဲတွေကြောင့် စီးပွားရေးလုပ်ငန်းအားလုံးက ထုတ်လုပ်မှုတွေကျတယ်။ ကိုဗစ်ဖြစ်တော့တစ်မျိုး၊ အခုအခြေအနေတွေကြောင့် တစ်မျိုးနဲ့ စီးပွားရေးကကျုံ့ကျုံ့လာတယ်” ဟု   စီးပွားရေးလုပ်ငန်း တစ်ဦးက ပြောပြခဲ့သည်။

ယက်ကန်ယက်ကန်ဖြစ်နေသည့် စီးပွားရေးတစ်ရပ်အား လှု့ံဆော်ရန်၊ စီးပွားရေးပြန်လည် အားကောင်းစေရန်နှင့် စီးပွားရေးပျက်ကပ်ကို ကာကွယ်ရန် သို့မဟုတ် ပြန်လည်နာလန်ထစေရန် အစိုးရများက Stimulus Package ဟူသည့် စီးပွားရေးဆိုင်ရာ လုပ်နည်းလုပ်ဟန်များ အကောင်အထည် ဖော်ကြသည်။

ကိုဗစ်တတိယလှိုင်းတွင် ထပ်မံသက်ရောက်လာနိုင်မည့် ဂယက်များစွာအတွက် လုပ်သာကိုင်သာရှိမည့် စီးပွားရေးဝန်းကျင် ဖန်တီးပေးနိုင်ရန်သာ အရေးတကြီး လိုအပ်နေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

“အခု ကျွန်တော်တို့ဆီမှာဖြစ်နေတာတဲ့ ငွေကြေးအကျပ်အတည်းက တော်တော်လေး ဂယက်ထနေတယ်။ ဘဏ်တွေက ပိုက်ဆံထုတ်ချင်တိုင်း ထုတ်မရဘူး။ ဘဏ်နဲ့ငွေပေးချေလို့မရဘူး။ အဲဒါတော်တော် အခြေအနေဆိုးပါတယ်။ ဒါတွေကို အချိန်မီပေါ့။ ဘဏ်စနစ်နဲ့ငွေကြေး ပြဿနာတွေကို အချိန်မီမဖြေရှင်းပေးနိုင်ရန် ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေ နာလန်ထူလာဖို့ မလွယ်တော့ဘူး” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

သို့သော် အနာဂတ်ကိုလှမ်းမျှော်ကြည့်လျှင် လာမည့်တစ်နှစ်အတွင်း ထုတ်လုပ်မှုဆိုင်ရာ အကောင်းမြင်မှုမှာ မေလ၏စစ်တမ်း အနိမ့်ဆုံးမှ အနည်းငယ်တိုးတက်လာခဲ့သည်ဟု ဇွန်လအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်းအရ သိရသည်။

လောလောဆယ်တွင်မူ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည်တွင်း၌ငွေကြေးဆိုင်ရာ ပြဿနာများ ပြေလည်လာပြီး ဝယ်လိုအား ပြန်လည်ကောင်းမွန်လာရန် စောင့်မျှော်နေကြောင်း သိရသည်။

လက်ရှိ ဘဏ်စနစ်နှင့်ငွေကြေးပြဿနာများ အချိန်မီမဖြေရှင်းနိုင်ခဲ့ပါက မြန်မာ့စီးပွားရေးလုပ်ငန်းများတွင် မမျှော်မှန်းနိုင်သော အကျပ်အတည်းများ ကြုံတွေ့လာနိုင်မှုအပေါ် စိုးရိမ်နေကြကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

Most Read

Most Recent