ဝင်ဘယ်လ်ဒန်ချန်ပီယံဆုနှစ်ကြိမ်ရရှိဖူးသည့် အန်ဒီမာရေးတတိယအဆင့်တွင် ရှုံးနိမ့်

ဝင်ဘယ်လ်ဒန်ချန်ပီယံဆုနှစ်ကြိမ်ရရှိဖူးသည့် အန်ဒီမာရေးတတိယအဆင့်တွင် ရှုံးနိမ့်
Photo: AFP
Photo: AFP
Published 4 July 2021

 

ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းပြိုင်ပွဲ၌ ချန်ပီယံဆုနှစ်ကြိမ်ရရှိဖူးသည့် ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးသည် တတိယအဆင့်တွင် ရှုံးပွဲကြုံတွေ့ပြီး ထွက်ခဲ့ရကြောင်း သိရသည်။

ကမ္ဘာ့အဆင့် ၁ ကစားသမားဟောင်းဖြစ်သူ အန်ဒီမာရေးသည် တတိယအဆင့်အဖြစ် ကမ္ဘာ့အဆင့် ၁၂ ကစားသမားဖြစ်သူ ကနေဒါတင်းနစ်သမား ရှာပိုဗာလော့ဗ် (ဆီဒင် ၁၀) နှင့် ယှဉ်ပြိုင်ကစားရာ ၄-၆၊ ၂-၆၊ ၂-၆ ဖြင့် သုံးပွဲပြတ် ရှုံးနိမ့်ခဲ့သည်။ အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် အန်ဒီမာရေးသည် တင်ပါးနှင့် ပေါင်ခြံဒဏ်ရာ ခွဲ စိတ်ကုသမှုများကြောင့် ကာလရှည်အနားယူခဲ့ရပြီး လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် ၁၁၈ သို့ ရောက်ရှိနေသူဖြစ်သည်။ 

၎င်းသည် ယခု ပြိုင်ပွဲတွင် Wild Card ဖြင့် ဖိတ်ကြားခံရသော ကြောင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပထမအဆင့်တွင် ဂျော်ဂျီယာကစားသမားကို ၃-၁ ပွဲ၊ ဒုတိယအဆင့်တွင် ဂျာမနီကစားသမားကို ၃-၂ ပွဲဖြင့် ကျော်ဖြတ်နိုင်ခဲ့သော်လည်း တတိယ အဆင့်တွင်မူ ရှုံးပွဲကြုံတွေ့ခဲ့သည်။ 

မာရေး သည် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ၂၀၁၃ နှင့် ၂၀၁၆ ခုနှစ်တွင် ချန်ပီယံဆုရရှိ ခဲ့ဖူးပြီး တတိယအဆင့်မှ ထွက်ရခြင်းမှာ ၎င်းအတွက် အသက် ၁၈ နှစ်အရွယ်တွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ၂၀၀၅ ပြိုင်ပွဲနောက်ပိုင်း အဆိုးဆုံးရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် အိမ်ရှင်ဗြိတိန်ကစားသမားများအနက် ဆီဒင်သတ်မှတ်ချက်အမြင့်ဆုံးဖြစ် သည့် ဒန်အီဗန်စ် (ဆီဒင် ၂၂) မှာ လည်း တတိယအဆင့်တွင် ဆီဒင်မဲ့ အမေရိကန်ကစားသမား ကော်ဒါကို ၁-၃ ပွဲဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent