■ Group - F (Hungary)
Group Matches
15 June 2021 22:30 Budapest Hungary - Portugal
19 June 2021 19:30 Budapest Hungary - France
24 June 2021 1:30 Munich Germany - Hungary
■ သမိုင်းကြောင်း
Austro-Hungarian အင်ပါယာ၏ အစိတ်အပိုင်းဖြစ်ခဲ့ပြီး (၂၀)ရာစုအစပိုင်းတွင်မှ ဟန်ဂေရီသည် သြစတြီးယားနှင့်အတူ သီးခြားဘောလုံးအဖွဲ့ချုပ် ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ ဟန်ဂေရီ၏ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည့်ကာလများက ၁၉၅၀ ပြည့်လွန်နှစ်များဟု သတ်မှတ်နိုင်သည်။ ထိုစဉ်က နောင်တစ်ချိန် ဘောလုံးဂန္ထဝင်များဖြစ်လာသည့် ပွတ်ရှ်ကပ်စ်၊ ကော့ဆစ်၊ ဘော့ဆစ်တို့၏စုဖွဲ့မှုက ဟန်ဂေရီအသင်း၏ အကောင်းဆုံးအခိုက်အတန့်ဖြစ်ခဲ့သည်။ ထိုအသင်းလောက် ဘောလုံးကမ္ဘာကို မဆွဲဆောင်နိုင်ခဲ့။ ထိုမျိုးဆက်၏အရှိန်ဖြင့် ဟန်ဂေရီအသင်းက ဆယ်စုနှစ်တစ်ခုကျော်ကြာ ဘောလုံးစင်မြင့်ထက်တွင် လူရိုသေရှင်ရိုသေအဆင့်ထက် ပိုခဲ့ပြီး ယူရို-၆၈ နှင့် ၇၂ ပြိုင်ပွဲများတွင် နောက်ဆုံး(၄)သင်း စာရင်းဝင်နိုင်ခဲ့သည်။ ၁၉၈၆ ကမ္ဘာ့ဖလားနောက်ပိုင်းမှစတင်ကာ တိမ်မြုပ်သွားခဲ့သည့် ဟန်ဂေရီဘောလုံးသည် ယခုမှ ခေါင်းအနည်းငယ်ပြန်ထောင်လာနိုင်ခဲ့ခြင်းဖြစ်သည်။

■ Euro History
ယှဉ်ပြိုင်ခဲ့သည့်အကြိမ် - (၃) ကြိမ်
ပြီးခဲ့သည့် ယူရို- ၂၀၁၆ ရပ်တည်မှု - (၁၆)သင်းအဆင့်
ယူရိုပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု - တတိယ(၁၉၆၄)
ယူရိုပြိုင်ပွဲမှတ်တမ်း - (၈)ပွဲကစား၊ (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၄)ပွဲရှုံး
■ လက်ရှိအခြေအနေ
ဟန်ဂေရီအသင်းက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ယူရိုပြိုင်ပွဲ (၂)ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ အသင်း၏ ခြေစွမ်းပိုင်း အလွန်အမင်းတိုးတက်လာခြင်းထက် ယူရိုပြိုင်ပွဲကို (၂၄)သင်းအထိ တိုးချဲ့လိုက်ခြင်းက ဟန်ဂေရီကဲ့သို့ အသင်းများအတွက် အခွင့်အရေးပိုရလာစေသည်ဟုဆိုလျှင် လွန်မည်မထင်။ ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ဟန်ဂေရီအသင်းက ချန်ပီယံ ပေါ်တူဂီ ပါဝင်သည့်အုပ်စုတွင် ပထမနေရာဖြင့် (၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့ပြီး လက်ရှိလူစာရင်းက ယင်းပြိုင်ပွဲကထက် ပိုမိုတောင့်တင်းလာသည်။ သို့သော် ဟန်ဂေရီအသင်းအတွက် ကံကြမ္မာသာ မျက်နှာသာမပေးခဲ့။ ပေါ်တူဂီ၊ ပြင်သစ်နှင့် ဂျာမနီအသင်းများ ပါဝင်သည့် မရဏအုပ်စုထဲ ကျရောက်ခဲ့ပြီး ပိုပြီးကြမ္မာငင်ခဲ့သည့်အဖြစ်မှာ အသင်း၏အဓိကဦးဆောင်ကစားသမားဖြစ်သည့် လိုက်ပ်ဇစ်အသင်းမှ ဆိုဘိုဆလာအီ ဒဏ်ရာကြောင့် ပြိုင်ပွဲကြီးနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ အခြားဘွန်ဒစ်လီဂါအခြေစိုက်များဖြစ်သည့် ဂူလာချီ၊ အော်ဘန်၊ အာဒမ်ဆာလာအီတို့ကို နည်းပြ မာကိုရော့ဆီက ကျောရိုးပြုကာ အသင်းကို တည်ဆောက်ထားပြီး ပြီးခဲ့သည့်ခြေစမ်းပွဲနှစ်ပွဲတွင် ၃-၅-၂၊ ၃-၁-၄-၂ ကစားကွက်နှစ်မျိုးကို အသုံးပြုထားသောကြောင့် ခံစစ်အသားပေးကာ ထိပ်သီးအသင်းကို အခွင့်အရေးရသမျှ ဒုက္ခပေးနိုင်အောင် ကြိုးစားခြင်းက ဟန်ဂေရီ၏ အဓိကရည်မှန်းချက်ပင်
ဖြစ်လိမ့်မည်။ ဟန်ဂေရီအသင်း၏ လတ်တလောရလဒ်များက အားရစရာကောင်းနေပြီး နိုင်ငံတကာပွဲ (၁၁)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားခဲ့သည်။ ယင်းပွဲများတွင် ဆားဘီးယားနှင့် တူရကီကိုနိုင်၊ ပိုလန်နှင့် ရုရှားအသင်းများကို သရေကစားထားခြင်းကြောင့် ဟန်ဂေရီအသင်းကို လျှော့တွက်မိလျှင် ပေးဆပ်ရမှုပမာဏ ကြီးမားသွားနိုင်သည်။

■ QUALIFYING RESULTS
ဆလိုဗက်ကီးယား ၂-၀ ဟန်ဂေရီ
ဟန်ဂေရီ ၂-၁ ခရိုအေးရှား
အဇာဘိုင်ဂျန် ၁-၃ ဟန်ဂေရီ
ဟန်ဂေရီ ၁-၀ ဝေးလ်စ်
ဟန်ဂေရီ ၁-၂ ဆလိုဗက်ကီးယား
ခရိုအေးရှား ၃-၀ ဟန်ဂေရီ
ဟန်ဂေရီ ၁-၀ အဇာဘိုင်ဂျန်
ဝေးလ်စ် ၂-၀ ဟန်ဂေရီ
ဘူလ်ဂေးရီးယား ၁-၃ ဟန်ဂေရီ
ဟန်ဂေရီ ၂-၁ အိုက်စလန်
*တိုက်ရိုက်ခြေစစ်ပွဲမအောင်မြင်သော်လည်း Play-off အဆင့် Path-A တွင် ဘူလ်ဂေးရီးယား၊ အိုက်စလန်အသင်းများကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။

■ အုပ်စုအလားအလာ
ကမ္ဘာ့ထိပ်သီးအသင်း (၃) သင်းနှင့် တစ်အုပ်စုတည်းကျရောက်နေမှုကြောင့် ဟန်ဂေရီအတွက် ပွဲစဉ်အနေအထားကို ကြည့်စရာမလိုဘဲ လာမည့်ဘေးရင်ဆိုင်ရုံသာ ရှိတော့သည်။ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ထက် ဟန်ဂေရီအနေဖြင့် မရဏအုပ်စုတွင် ရမှတ်တစ်မှတ်ရရုံ၊ အသင်းကြီးတစ်သင်းကို ဒုက္ခပေးနိုင်ရုံဖြင့်ပင် ကျေနပ်စရာကောင်းမှာ သေချာသည်။
■ World Ranking
အဆင့် - ၃၇ (၁၄၆၈.၇၅ မှတ်)

■ Star Player - ဂူလာချီ
အသက်(၂၀)အရွယ်ရှိ လိုက်ပ်ဇစ်ကွင်းလယ်ဖန်တီးရှင် ဆိုလိုဆာလာအီ ဒဏ်ရာကြောင့်မပါဝင်နိုင်ခြင်းက ဟန်ဂေရီအတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။ သို့သော် လိုက်ပ်ဇစ်ကစားသမားတစ်ဦးပင်ဖြစ်သည့် ဂိုးသမား ဂူလာချီက အသင်းကို ဦးဆောင်လာမည်ဖြစ်သည်။ ပြီးခဲ့သည့်(၆)နှစ်အတွင်း လိုက်ပ်ဇစ်အသင်း၏ပင်တိုင်ဂိုးသမားဖြစ်ခဲ့သည့် ဂူလာချီသည် ဟန်ဂေရီအသင်းတွင်လည်း လက်ထောက်အသင်းခေါင်းဆောင်ဖြစ်ပြီး အသင်းကို ကွင်းတွင်း၊ ကွင်းပြင် ဦးဆောင်မှုပေးနိုင်သူအဖြစ် ထင်ရှားသည်။

■ Coach - မာကိုရော့ဆီ
ကစားသမားဘဝတွင် တိုရီနို ဘရက်စီယာ၊ ဆမ်ဒိုးရီးယား၊ ဖရန့်ဖတ် အသင်းတို့တွင် ကစားခဲ့ဖူးသည့် အသက် (၅၆)နှစ်အရွယ် အီတလီနည်းပြ မာကိုရော့စီသည် နည်းပြဘဝတွင်မူ ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီပြည်တွင်းလိဂ်များတွင်သာ နည်းပြအဖြစ် ဆောင်ရွက်ဖူးသူဖြစ်သည်။ Nations League ပြိုင်ပွဲတွင် ဟန်ဂေရီကို အသင်းကောင်းတစ်သင်းအဖြစ်ဦးဆောင်မှုပေးခဲ့သည့် ရော့စီအတွက် ပထမဆုံးပြိုင်ပွဲကြီးတစ်ခုကို ကြီးကြပ်ရမည် ဖြစ်သည်။

■ အပြီးသတ် (၂၆)ဦးစာရင်း
ဂိုး - ဂူလာချီ(လိုက်ပ်ဇစ်)၊ ဒူဘူ(ဖယ်ရန်ဗာရို့စ်)၊ ဘော့ဂ်ဒန် (ဖယ်ရန်ဗာရို့စ်)
နောက်တန်း - အာဒမ်လန်း(အိုမိုနီးယား)၊ ကက်ကစ်(လူဂါနို)၊ A.ဆာလာအီ(ဖီနာဘာချီ)၊ ဖီအိုလာ(ဖယ်ဟယ်ဗာ)၊ အော်ဘန် (လိုက်ပ်ဇစ်)၊ လိုဗရန်တစ်(ဖယ်ရန်ဗာရို့စ်)၊ ဘော့ကာ(ဖယ်ရန်ဗာရို့စ်)၊ ဘော်လာ(ဖယ်ဟယ်ဗာ)
အလယ်တန်း - နေဂို(ဖယ်ဟယ်ဗာ)၊ အာဒမ်နာ့(ဘရစ္စတိုးလ်စီးတီး)၊ ချက်ရီ(မယ်ဇူကိုဗက်)၊ ရှာရယ်(စထရေဒါ)၊ ကလိုင်းဟေဆလဲ(အိုဆီယက်)၊ ဂက်ဇ်ဒါ့(ဖီလာဒဲဖီးယား)၊ ဆီဂယ်(ဖယ်ရန်ဗာရို့စ်)
ရှေ့တန်း - အာဒမ်ဆာလာအီ(မိန့်ဇ်)၊ ဟိုလန်ဒယ်(ပါတီဇန်)၊ ရိုလန်ဗာဂါ(MTK)၊ ကယ်ဗင်ဗာဂါ(ကာဆင်ပါရှာ)၊ ရှာလာအီ (ဖရိုင်းဘတ်)၊ နီကိုလစ်(ဖယ်ဟာဗာ)၊ ဆာဘိုချန်(FCဒဲလက်စ်)၊ ယာနို့စ်ဟန်း(ပက်စ်)















