ကလေးမွေးဖွားနှုန်းကျဆင်းမှုကြောင့် လူဦးရေကျုံ့လာသည့် ထိုင်ဝမ်

ကလေးမွေးဖွားနှုန်းကျဆင်းမှုကြောင့် လူဦးရေကျုံ့လာသည့် ထိုင်ဝမ်
Photo:AFP
Photo:AFP
Published 1 June 2021
မြတ်သက်မှူးကို

ဝုအန်းဇူ အမည်ရှိ အမျိုးသမီးသည် သားဖွားဆရာဝန်တစ်ယောက်အဖြစ် ကလေးအယောက် ၂၀၀ ကျော်ကို မီးဖွားပေးခဲ့သော်လည်း ကိုယ်တိုင်ကလေးယူရန် စိတ်ကူးမရှိပေ။ ထိုင်ဝမ်တွင် ကလေးယူလို စိတ်မရှိသည့် မိသားစုများ ပိုမိုများပြားလာနေသည်။

ဝူနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ခွဲစိတ်ဆရာဝန်တို့သည် အိမ်ထောင်သက် ၁၂ နှစ်ရှိပြီ ဖြစ်သော်လည်း ယင်းဇနီးမောင်နှံမှာမူ ကလေးယူလိုစိတ်မရှိကြပေ။

“ကလေးတစ်ယောက်မွေးဖို့ အကြောင်းပြချက်တစ်ခုတစ်လေတောင် ကျွန်မဆီမှာ မရှိပါဘူး” ဟု တိုင်ပေမြို့တော်တွင် ဆေးခန်း ဖွင့်လှစ်ထားသည့်ဝူက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“အဲ့ဒါတော့ ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး။ အခုခေတ် လူငယ်စုံတွဲတော်တော်များများက သူတို့ဘာကြောင့်လက်ထပ်ပြီး ကလေးယူရမှာလဲ။ သမားရိုးကျမိသားစု စံပုံစံအတိုင်းလိုက်နာဖို့ မလိုအပ်ဘူးလို့ တွေးခေါ်နေကြပါတယ်” ဟု ဝူက ဆိုသည်။

ထိုင်ဝမ်တွင် အပိုင်းအခြားတစ်ခုအတွင်း မွေးဖွားသူ၊သေဆုံးသူ၊ ရောဂါဘယဖြစ်ပွားသူ ပြောင်းလဲမှုကြီး ဖြစ်ပေါ်နေသော ကြောင့်နေရာအချို့တွင် ယင်းကဲ့သို့ ခံယူချက်ရှိသူ အလွန်များပြားလာခဲ့သည်။

၁၉၅၁ ခုနှစ်က ထိုင်ဝမ် အမျိုးသမီးတစ်ဦးသည် ပျမ်းမျှအားဖြင့် ကလေး ခုနစ်ယောက် မွေးဖွားခဲ့သော်လည်း လက်ရှိအချိန်တွင်မူ ကလေးတစ်ဦးအောက်လျော့နည်း၍ မွေးဖွားလာကြသည်။

လွန်ခဲ့သည့်နှစ်က ထိုင်ဝမ်တွင်မွေးဖွားနှုန်းထက် သေဆုံးနှုန်းစံချိန်တင် မြင့်တက်ခဲ့သောကြောင့် ထိုင်ဝမ်၏ လူဦးရေသည် ပထမဆုံးအကြိမ်အဖြစ် တရားဝင် ကျုံ့လာသည့် အပြောင်းအလဲတစ်ရပ်ဖြစ်လာခဲ့သည်။

ယခုနှစ် ပထမလေးလတာ ကာလအတွင်း ကလေးမွေးဖွားသူဦးရေ ၃၄,၉၁၇ ဦးရှိပြီး သေဆုံးသူဦးရေမှာ ၄၇,၆၂၆ ဦးရှိသည့်အတွက် သေဆုံးသူဦးရေသည် မွေးဖွားသူဦးရေထက် ပိုမိုများပြားခဲ့သည်။

ယင်းဖြစ်စဉ်သည် အရှေ့အာရှတစ်ဝန်းတူညီသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ ဂျပန်နိုင်ငံတွင်လည်း ထိုနည်းအတိုင်းဖြစ်၍ ၂၀၀၇ ခုနှစ်က လူဦးရေ လျော့ကျသည့် သမိုင်းမှတ်တိုင်အထိ ကျဆင်းခဲ့သည်။ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့သည်လည်း လွန်ခဲ့သည့်နှစ်က အလားတူဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့သည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် လက်ရှိအချိန်တွင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း အနှေးဆုံးနှုန်းအဖြစ် ဆက်လက်ကြီးထွားလာသည်ဟု ယခုလအစောပိုင်းကအစိုးရက ထုတ်ပြန်သည့် သန်းခေါင်စာရင်း အချက်အလက်တွင် ဖော်ပြခဲ့သည်။

အာရှနိုင်ငံအများအပြားတွင် လူဦးရေ ပွားများရန် လိုအပ်သော ပျမ်းမျှ ကလေး ၂.၁ ဦးကိုထောက်ပံ့ပေးနေသော မိသားစုအနည်းငယ်နှင့်အတူ အလုပ်သမားပြဿနာနှင့်လည်း ရင်ဆိုင်နေရသည်။

လူဦးရေကို ဖြည့်တင်းရန် လုံလောက်သည့် လူငယ်မျိုးဆက်သစ် သို့မဟုတ် ရွှေ့ပြောင်းနေထိုင်သူများ မရှိဘဲသန်းနှင့်ချီသည့် လူများသည်အငြိမ်းစားယူသည့် အသက်အရွယ်သို့ ချဉ်းကပ်လာနေကြသည်။

တိုင်ပေမြို့တော်ရှိ Laosong မူလတန်းကျောင်းသည် ထိုလူဦးရေကျဆင်းမှုကို သရုပ်ဖော်ပြသခဲ့သည်။

ထိုစာသင်ကျောင်းသည် ၁၉၆၆ ခုနှစ်က ကျောင်းသား ၁၁,၀၀၀ ကျော်ရှိသည့် ကမ္ဘာ့ကျောင်းသားအများဆုံး ကျောင်းအဖြစ် တစ်ချိန်က ရပ်တည်ခဲ့သည်ဟု ကျောင်းအုပ်ကြီး လီမင်းဂျူက ပြောကြားခဲ့သည်။

ထိုအချိန်က စာသင်ခန်း ၁၅၈ ခန်းတွင် တစ်ခန်းစီ၌ ကျောင်းသား ၈၀ ရှိပြီး ကျောင်းသားများသည် အိမ်သာများကိုအလှည့်ကျ အသုံးပြုနေရသည်။

“အရင်တုန်းကဆို ကျောင်းရဲ့ကွင်းပြင်ကြီးဟာ ဘောလုံးပစ်တမ်း ကစားတဲ့ ကစားကွင်းကြီးလို ကျောင်းသားတွေ ပြွတ်သိပ်နေကြပြီး အခုချိန်မှာတော့ကျောင်းသားတွေဟာ သူတို့ကြိုက်သလောက် ခုန်ပေါက်ဆော့ကစားနိုင်ကြပြီ” ဟု လင်းက ဆိုသည်။

လက်ရှိ ကျောင်းသားဦးရေသည် စာသင်ခန်း ၂၀ နှင့်အတူ အယောက် ၅၀၀ ရှိပြီး စာသင်ခန်းတစ်ခန်းစီ၌ ကျောင်းသား ၂၅ ဦးသာရှိသည်။ ယင်းကျောင်းသားများ၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် ကလေးတစ်ဦးသာ မွေးဖွားသည့် မိသားစုများမှဖြစ်သည်ဟု လင်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ မွေးဖွားနှုန်း ကျဆင်းလာမှုသည် လူငယ်များအထူးသဖြင့် အမျိုးသမီးများသည် အသက်အရွယ်ကြီးရင့်ချိန်တွင် အိမ်ထောင်ပြုခြင်း၊ မိသားစုဝင် အနည်းငယ်သာ ရှိစေလိုခြင်း သို့မဟုတ် အိမ်ထောင်မပြုဘဲ တစ်ဦးတည်းသာ နေထိုင်လိုုခြင်းစသည့် ရွေးချယ်မှုပေါ်တွင် သက်ရောက်နေသည်။

 

“အမျိုးသမီးတွေ သူတို့ကိုယ်သူတို့ သတိပြုမိလာတဲ့အခြေအနေ ပိုမိုကြီးထွားလာတာဟာ အဓိကအကြောင်းအရင်းဖြစ်ပါတယ်” ဟု အသက် ၃၇ နှစ်အရွယ် ဝူက ပြောကြားခဲ့သည်။

“အခုခေတ်မှာ အမျိုးသမီးတော်တော်များများက မာစတာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေ ရလာကြပြီးတော့ အရင်ခေတ်တွေတုန်းကလို အမျိုးသားတွေကို မှီခိုလေ့မရှိကြတော့ဘူး။ သူတို့ရဲ့အသက်မွေးဝမ်းကြောင်း အလုပ်တွေကို လုပ်ဆောင်နိုင်ဖို့ ရွေးချယ်လာကြတယ်”  ဟု ဝူက ပြောကြားခဲ့သည်။

အသက် ၃၈ နှစ်အရွယ် အစိုးရဝန်ထမ်း တစ်ဦးဖြစ်သည့် ပေါလင်းဖူက ၎င်း၏မိသားစုသည် မျိုးရိုးသုံးဆက်အတွင်း ကလေးခုနစ်ယောက်ကနေ တစ်ယောက်မှ မမွေးတဲ့အထိ ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

တောင်ပိုင်း တိုင်နန်မြို့တွင်နေထိုင်သည့် ဖူက သူနှင့် သူ၏ခင်ပွန်းဖြစ်သူတို့ ၁၁ နှစ်ကြာ အိမ်ထောင်သက်တမ်းအတွင်း ကလေးမယူဘဲ လွတ်လပ်သော လူနေမှုပုံစံကို ပိုမိုနှစ်သက်သည်ဟု ဆိုသည်။

“ကျွန်မတို့ သူငယ်ချင်းတွေက သူတို့တွေ မိဘဖြစ်ရတာ ဘယ်လောက်ထိ စိုးရိမ်ပူပန်ကြောင်း၊ ခက်ခဲကြောင်းတွေ ညည်းညူလေ့ရှိလို့ ကျွန်မတို့နှစ်ယောက်ကလည်း နှစ်ယောက်တည်း ဘဝတစ်ခု တည်ဆောက်တာ ပိုမိုကောင်းလိမ့်မယ်လို့ ခံစားမိတယ်” ဟု ဖူက ပြောကြားခဲ့သည်။

 ကလေးမွေးဖွားနှုန်းကျဆင်းလာခြင်း၏ နောက်ထပ်အကြောင်းအရင်းတစ်ရပ်မှာ နေထိုင်မှုစရိတ် အလွန်ကြီးမားခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သည့်ရာစုနှစ်အတွင်း ထိုင်ဝမ်၏ စက်မှုလုပ်သန်းသည် ကျွန်း၏ဒေသတွင်း စီးပွားရေးအင်အားစုအသွင်သို့ ပြောင်းလဲခဲ့သည်။ သို့သော် လွန်ခဲ့သည့်ဆယ်နှစ်ကတည်းက လုပ်ခလစာများတိုးတက်မှုမရှိခြင်းကြောင့် နေ့စဉ်အသုံးစရိတ်များမှာ ဆက်လက်မြင့်တက်နေသည်။

သက်ဦးကလေးမွေးဖွားမည့် လူငယ်စုံတွဲများအနေဖြင့် အချိန်နှင့် စီးပွားရေးဆင်းရဲချို့တဲ့မှုဒဏ်ခံစားနေရပြီး အလုပ်ချိန်ကြာမြင့်သော်လည်း လုပ်ခလစာလျှော့နည်းသည့်အတွက် ကလေးမွေးဖွားရန် သို့မဟုတ် မိသားစုဝင်များကို စွန့်ခွာရန် တွန်းအားသဖွယ် ဖြစ်နေခဲ့သည်ဟု တိုင်ပေ၏ Soochow တက္ကသိုလ်မှ လူမှုဗေဒပညာရှင် ဟွမ်ဟိုင်ဖန်က ပြောကြားခဲ့သည်။

ထိုင်ဝမ်၊ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့ နိုင်ငံများမှ အမျိုးသမီးများသည် ကုန်ကျစရိတ် မြင့်မားသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဟောင်ကောင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ လူဦးရေလေ့လာသူ စတူးအက် ဂရီတယ် ဘက်စ်တန်က ဆိုသည်။

သိသာသည့်အပြောင်းအလဲမဖြစ်ခဲ့လျှင် ထိုင်ဝမ်သည် ၂၀၂၅ ခုနှစ်၌ နိုင်ငံသား ငါးဦးလျှင်တစ်ဦးမှာ အသက် ၆၅ နှစ်အထက် အရွယ်များနှင့်အတူ အလွန်အသက်အရွယ်ကြီးသည့် လူမှုပတ်ဝန်းကျင်ဖြစ်လာလိမ့်မည် ဖြစ်ပြီး လာမည့်ဆယ်နှစ်တွင် နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်များကို ပိတ်သွားရလိမ့်မည်ဖြစ်ကြောင်း လူမှုဗေဒပညာရှင် ဟွမ်က ဆိုသည်။

“ထိုင်ဝမ်အနေနဲ့ လူဦးရေ ကျဆင်းမှုအတွက် နောက်ပြန်လှည့်သင့်တဲ့အမှတ်ကို ကျော်လွန်ခဲ့ပြီးပြီလို့ ကျွန်မထင်ပါတယ်။ အခုချိန် ကျွန်မတို့ လုပ်နိုင်တာက မွေးဖွားနှုန်း ကျဆင်းနေရတဲ့အကြောင်းအရင်းတွေကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်” ဟု ဟွမ်က ထပ်မံပြောကြားခဲ့သည်။

Ref:AFP