လက်စတာကို FA ဖလားရှုံးကြွေးပြန်ဆပ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းသွားတဲ့ ချယ်လ်ဆီး

လက်စတာကို FA ဖလားရှုံးကြွေးပြန်ဆပ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းသွားတဲ့ ချယ်လ်ဆီး
Published 19 May 2021

■ ချယ်လ်ဆီး ၂-၁ လက်စတာ

FA ဖလားဗိုလ်လုပွဲမှာ ပူပူနွေးနွေးတွေ့ဆုံထားတဲ့အသင်း (၂)သင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာတော့ လက်စတာအသင်းက ချယ်လ်ဆီးအသင်းကိုအနိုင်ယူကာ ဆုဖလားကိုင်မြှောက်ခဲ့ပေမဲ့ အခုပရီးမီးယားလိဂ်တွေ့ဆုံမှုမှာတော့ ချယ်လ်ဆီးအသင်းက အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ (၂-၁)ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါပြီ။

ချယ်လ်ဆီးနည်းပြတူဟယ်လ်ဟာ FA ဖလားဗိုလ်လုပွဲပွဲထွက်စာရင်းကို အပြောင်းအလဲတွေလုပ်ခဲ့ပြီး ဂိုးသမားနေရာမှာ မန်ဒီ၊ ခံစစ်မှာ ချီဝဲလ်၊ တိုက်စစ်ပိုင်းမှာ ပူလီဆစ်တို့ကိုထည့်သွင်းပြီး အပြောင်းအလဲတွေလုပ်ခဲ့တာပါ။

လက်စတာအသင်းကတော့ FA ဖလားဗိုလ်လုပွဲ လူစာရင်းကိုပဲအခြေခံခဲ့ပြီး ဒဏ်ရာကြောင့် အီဗန်မပါဝင်နိုင်တာကလွဲရင် အတောင့်တင်းဆုံးလူစာရင်းနဲ့ ချယ်လ်ဆီးအသင်းကိုတုံ့ပြန်ဖို့ပြင်ဆင်ခဲ့ပါတယ်။

ပွဲစကတည်းက ချယ်လ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးယူကာ လက်စတာအသင်းကို ဖိအားပေးကစားခဲ့ပြီး အခွင့်အရေးတွေရခဲ့ပါတယ်။

ပထမပိုင်းမှာ ဗာနာရဲ့သွင်းဂိုး (၂)ဂိုး လူကျွံဘောနဲ့ ပြစ်ဒဏ်ဘောတွေဖြစ်ခဲ့သလို ပယ်နယ်တီရနိုင်တဲ့အခွင့်အရေးကိုလည်း ဒိုင်လူကြီးကခွင့်မပြုခဲ့လို့ ချယ်လ်ဆီးနစ်နာခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းအတွက် စိတ်ပျက်စရာလို့ဆိုရမှာက ကွင်းလယ်လူကွန်တေပထမပိုင်းမှာပဲ ဒဏ်ရာကြောင့်လူစားလဲခဲ့ရတာဖြစ်ပြီး ဒါဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ဖိအားတစ်ခုလည်းဖြစ်သွားနိုင်ပါတယ်။

လက်စတာအသင်းကတော့ FA ဖလားတုန်းကလိုပဲ ချယ်လ်ဆီးအသင်းကို ဂိုးမပေးရဖို့ပဲအဓိက တုံ့ပြန်ကစားခဲ့ပြီး ခံစစ်မှာပဲ အချိန်ကုန်ခဲ့တာပါ။

လက်စတာအသင်းရဲ့တန်ပြန်တိုက်စစ်တွေကိုလည်း ရူဒီဂါ၊ သီယာဂိုဆေးလ်ဗားတို့ဦးဆောင်တဲ့ ချယ်လ်ဆီးခံစစ်က အတည်ငြိမ်ဆုံးထိန်းချုပ်ခဲ့ပြီး အခွင့်အရေးမပေးဖို့ကြိုးစားခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းပွဲအစ (၂)မိနစ်အကြာ  ပွဲချိန် (၄၇)မိနစ်မှာတော့  ချယ်လ်ဆီးအသင်းဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေရရှိတဲ့အခွင့်အရေးကို ရူဒီဂါက ပြေးပိတ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ရူဒီဂါဟာ လက်စတာအသင်းနဲ့တွေ့ဆုံတဲ့ ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး အခုပွဲမှာလည်း အသင်းရဲ့နိုင်ပွဲအတွက်အရေးပါတဲ့ဦးဆောင်ဂိုးကို လိုအပ်တဲ့အချိန်မှာ သွင်းယူပေးခဲ့တာပါ။

ဂိုးရသွားပြီးချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံပိုကောင်းလာခဲ့သလို လက်စတာအသင်းကလည်း ချေပဂိုးအတွက် တိုက်စစ်ပြန်မြှင့်လာခဲ့တာကြောင့် ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။

ပွဲချိန် (၆၆)မိနစ်မှာတော့ ချယ်လ်ဆီးအသင်းဒုတိယဂိုးရရှိခဲ့ပြီး ဗာနာကြောင့်ရတဲ့ပယ်နယ်တီကနေ ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိသွင်းယူပေးခဲ့တာပါ။

(၂-၀)ဂိုးနဲ့ဦးဆောင်နိုင်ချိန်မှာ ချယ်လ်ဆီးအသင်းအပြောင်းအလဲတချို့လုပ်ပြီး ပွဲကိုထိန်းကစားခဲ့လို့ လက်စတာအသင်းအခွင့်အရေးတွေပြန်ရလာခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းအလုပ်ရှုပ်ခဲ့ပါတယ်။

ပွဲချိန် (၇၆)မိနစ်မှာ အန်ဒီဒီရဲ့ပေးပို့မှုကနေ အီဟီယန်နာချိုက လက်စတာအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့လို့ လက်ကျန်မိနစ်တွေဟာ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းခဲ့သလို ပြိုင်ဆိုင်မှုလည်းပြင်းထန်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းတိုက်စစ်မှာ ပူလီဆစ်ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့လို့လည်း လက်စတာအသင်းသက်သာရာရခဲ့တာဖြစ်ပြီး ဗာနာ၊ မေဆန်မောင့်တို့ရဲ့ တစ်ဦးချင်းတိုးအား၊ ရုန်းအားတွေကိုပဲ အဓိကထိန်းချုပ်ခဲ့ရတာပါ။

ပွဲပြီးဖို့နီးကပ်လာတာနဲ့အမျှ ချယ်လ်ဆီးအသင်းက ဂိုးထပ်ရဖို့ထက် ဂိုးမပေးရဖို့ကို ဦးစားပေးကစားသွားခဲ့ပြီး သီယာဂိုဆေးလ်ဗားနဲ့ ရူဒီဂါတို့ရဲ့ ခံစစ်ပိုင်းတည်ငြိမ်မှုကတော့ ချယ်လ်ဆီးနိုင်ပွဲအတွက် အရေးပါခဲ့တယ်လို့ဆိုရမှာပါ။

လက်စတာအသင်းတိုက်စစ်ပိုင်းမှာ ဗာဒီ၊ အယိုဇေပီရက်ဇ်တို့ ခြေစွမ်းမပြနိုင်တာကလည်း ချယ်လ်ဆီးအသင်းကို ပေါ့ပါးစေခဲ့တာပါ။

နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်တော့လို့ ပွဲအပြီးမှာ ချယ်လ်ဆီးအသင်းက (၂-၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး လက်ကျန် (၁)ပွဲအလိုမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းသွားခဲ့ပေမဲ့ လက်စတာအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖိအားများသွားခဲ့ပြီလို့ဆိုရပါလိမ့်မယ်။

Most Read

Most Recent