နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ် ဆောင်ရွက်မှုကို ရပ်နားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ် ဆောင်ရွက်မှုကို ရပ်နားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြောကြား
Published 5 May 2021

ပါတီ၏ တောင်းဆိုချက်အချို့ မရရှိခြင်းနှင့် ရခိုင်အမျိုးသားအကျိုးစီးပွား တစ်စုံတစ်ရာ တိုးတက်လာမှု မရှိခြင်းတို့ကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) နှင့် ဆက်စပ် ဆောင်ရွက်မှုများကို ရပ်နားရန် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု ယင်းပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

နစကနှင့် ဆက်စပ် ဆောင်ရွက်မှုကို ရပ်နားမည့် ပါတီ၏ ဆုံးဖြတ်ချက်အား ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ က သတင်းမီဒီယာများကို စစ်တွေမြို့ရှိ ပါတီဗဟိုရုံးခန်းတွင် မေ ၅ ရက် နံနက်က ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ဆက်စပ်ဆောင်ရွက်ဖို့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာက ရခိုင်ပြည်နယ်နဲ့ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် ကြိုးစားခဲ့တာ ဖြစ်တယ်။ ကျွန်တော်တို့ ပါတီက NLD အစိုးရ လက်ထက်ကလည်း ရခိုင်ပြည်နယ်မှာ အစိုးရဦးဆောင် ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တယ်။ အဲဒီလို တောင်းဆိုခဲ့တာလည်း ရခိုင်ပြည်နယ်နဲ့ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် ကျွန်တော်တို့ ကိုယ်တိုင် စီမံခန့်ခွဲ လုပ်ပိုင်ခွင့်ရရှိဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ပါတီက ယူဆတယ်။ အခုလည်း အဲဒီလိုပဲ။ ရခိုင်ပြည်နယ်ကို ရခိုင်အမျိုးသားပါတီအနေနဲ့ စီမံခန့်ခွဲ လုပ်ပိုင်ခွင့်အာဏာရရှိဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ အဲဒီလို သဘောထား ရှိတယ်။ အဲဒီလို သဘောထားကနေ ဆက်စပ်ဆောင်ရွက်ဖို့အတွက် တစ်စုံတစ်ရာ လုပ်ကိုင်ခဲ့တဲ့ အခြေအနေတွေ ရှိတယ်။ တောင်းဆိုမှုတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ ယနေ့အချိန်အထိ လုပ်ကိုင်ဆောင်ရွက်မှုနဲ့ ကျွန်တော်တို့ ဆက်စပ် ဆောင်ရွက်ဖို့ ကြိုးစားမှုတွေကလည်း ဘာမှအရာထင်လာတာ မရှိဘူး။ ရခိုင်ပြည်နယ်နဲ့ ရခိုင်အမျိုးသားတွေ အကျိုးစီးပွားအတွက်လည်း တစ်စုံတစ်ရာ ထူးထူးခြားခြား ဖြစ်လာတဲ့အခြေအနေ မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ CEC အနေနဲ့ ဒီလိုသဘောထား ရှိတယ်ဆိုတာကို ကျွန်တော်တို့ အသိပေးတာ ဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီသည် နစက စတင်ဖွဲ့စည်းစဉ်က ကောင်စီတွင် အဖွဲ့ဝင်တစ်ဦးအနေဖြင့် ပါဝင်ရန် ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အေးနုစိန်အား ကမ်းလှမ်းမှုအပေါ် လက်ခံသဘောတူပေးခဲ့သလို လက်ရှိ နိုင်ငံရေးအကျပ်အတည်း ကာလအတွင်း ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် တပ်မတော်အစိုးရနှင့် လိုအပ်သလို ဆက်စပ် ဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

သို့သော် ကောင်စီတွင် ဒေါ်အေးနုစိန် ပါဝင်မှုမှာ ပုဂ္ဂိုလ်ရေးအရ ပါဝင်ခဲ့ခြင်းသာဖြစ်ပြီး ယင်းသို့ ပါဝင်ပြီးနောက် ကောင်စီကို တောင်းဆိုချက်အချို့ ရှိခဲ့ကြောင်း၊ ဒေါ်အေးနုစိန် ကောင်စီတွင် ပါဝင်မှုနှင့် ပါတီ၏ တောင်းဆိုချက်များ ရရှိမှု အခြေအနေများအပေါ် ပါတီဗဟိုကော်မတီက တာဝန်ပေးထားသည့် ကော်မတီက အစီရင်ခံစာ တင်ပြထားမှုရှိကြောင်း ၎င်းက ပြောကြားသည်။

“အဲဒီ အစီရင်ခံစာအပေါ်မှာ မူတည်ပြီး သုံးသပ်ပြီး အခုလက်ရှိပုံစံမျိုးနဲ့ ကျွန်တော်တို့ တောင်းဆိုချက်တွေလည်း သေသေချာချာ ရေရေရာရာနဲ့ ဘာသဘောထားမှ သိရတာ မရှိဘူး။ အခုလက်ရှိ ရခိုင်ပြည်နယ်ပုံစံကလည်း ဘာမှ ထူးထူးခြားခြား အပြောင်းအလဲ ဖြစ်လာတာမရှိဘူး။ အဲဒါကြောင့် ရခိုင်အမျိုးသားအကျိုးစီးပွားကလည်း ကျွန်တော်တို့အတွက် ရခိုင်ပြည်နယ်အတွက် တစ်စုံတစ်ရာ  လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးလည်း ကျွန်တော်တို့ မမြင်ဘူး။ အဲဒါကြောင့် ဒေါ်အေးနုစိန် ပါဝင်မှုနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင် သဘောထားနဲ့ ဒီဆက်စပ် ဆောင်ရွက်မှုတွေကို ရပ်နားဖို့ လိုအပ်တယ်လို့ အဲဒီလိုယူဆတဲ့အတွက်ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ်ဆောင်ရွက်မှုကို ရပ်နားမယ်ဆိုတဲ့ သဘောထား မှတ်ချက်ပေးပြီး ဗဟိုကော်မတီ အစည်းအဝေးတစ်ရပ် ခေါ်ယူပြီး အဲဒါတင်ပြပြီး အတည်ပြု ရယူသွားမယ်”ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

နစကတွင် ဒေါ်အေးနုစိန် ပါဝင်ရန် သဘောတူပြီးနောက် ရခိုင်အမျိုးသားပါတီသည် ပါတီဝင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှအား ပြန်လွှတ်ပေးရန်၊ AA အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းမှ ရုပ်သိမ်းရန် အပါအဝင် အချက် ခုနစ်ချက်ကို ကောင်စီအား တောင်းဆိုမှုရှိခဲ့သည်။

သို့သော် အထက်ပါအချက် နှစ်ချက်မှ လွဲ၍ ပါတီ၏ အခြားသော တောင်းဆိုချက်များ လက်ရှိအထိ မရရှိသေးကြောင်း ဦးသာထွန်းလှက ဆိုသည်။

“အဓိက အရေးကြီးတဲ့အချက်တွေက ကျွန်တော်တို့က ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးပါတီ ထောင်ပြီး နိုင်ငံရေး နည်းလမ်းအရ ကြိုးစားဆောင်ရွက်နေတာ ဖြစ်တယ်။ အဲဒါကြောင့် ဘယ်လိုအခြေအနေပဲရှိရှိ ကျွန်တော်တို့ ပြည်နယ်ကို ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင်စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ရဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့မှာ အဲဒီလိုယုံကြည်ချက်ရှိလို့ ဆက်စပ် ဆောင်ရွက်ဖို့အတွက် လုပ်ဆောင်ခဲ့တဲ့ အတိုင်းအတာရှိတယ်။ အခုချိန်မှာတော့ ရခိုင်ပြည်နယ်ကို ဘယ်လို စီမံခန့်ခွဲနေတယ်။ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် ဘာတွေ လုပ်ဆောင်နေတယ် ဆိုတာကို ကျွန်တော်တို့ ဘာမှမသိရဘူး။ ကျွန်တော်တို့ သဘောထားအပေါ်မှာလည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားတာလည်း မရှိတဲ့အတွက်ကြောင့် အခုကျွန်တော်တို့ ဆက်စပ် ဆောင်ရွက်ဖို့ လုပ်ဆောင်ခဲ့တဲ့ကိစ္စတွေကို ဆက်စပ်ဆောင်ရွက်မှုကို ရပ်နားဖို့လိုတယ်ဆိုတဲ့ သဘောထားကို ဗဟိုကော်မတီတင်ပြပြီး အတည်ပြုချက် ရယူဖို့ရှိတယ်”ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

Most Read

Most Recent